အစ္စလာမာဘတ်၊ ဇန်နဝါရီ ၂၀
ပါကစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သောရက်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်တွင် တင်းမာမှုများဖြေလျော့ရန် သဘောတူညီခဲ့ ကြောင်း သိရသည်။
အီရန်နှင့် ပါကစ္စတန်တို့သည် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ပြီး သံတမန်များကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
အီရန်နှင့် ပါကစ္စတန်နိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် ကုလသမဂ္ဂအဖွဲ့တို့က တင်းမာမှုများကို သည်းခံချုပ်တည်းရန် တောင်းဆိုခဲ့သလို၊ တရုတ်နိုင်ငံကလည်း ကြားဝင်စေ့စပ်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ပါကစ္စတန်အစိုးရက “ တင်းမာမှုတွေနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဟာ အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့တယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်း တင်းမာမှုတွေကို ဖြေလျော့ဖို့ သဘောတူညီခဲ့တယ်။ အကြမ်းဖက်မှုတွေ တိုက်ဖျက်ရာမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်။” ဟု ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း နှစ်နိုင်ငံကြားတင်းမာမှုများကို ဖြေလျော့ရန်နှင့် ပါကစ္စတန်နိုင်ငံအတွင်းရှိ အီရန်ဆန့်ကျင့်ရေးစခန်းများကို ဖျက်ဆီးရန် ထပ်မံတောင်းဆိုခဲ့ ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုအတွင်း ပါကစ္စတန်နှင့် အီရန်တို့သည် ၎င်းတို့သက်ဆိုင်ရာ နိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့စည်းများကို နိုင်ငံအတွင်းနေထိုင်ခွင့်မပေးရန်နှင့် ဖြိုခွင်းရန် သဘော တူညီခဲ့ကြောင်း သိရသည်။
အီရန်သည် ပြီးခဲ့သောရက်ပိုင်းတွင် ၎င်းတို့နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်စေသော လက်နက်ကိုင်အဖွဲ့စည်းများကို လက်တုံ့ပြန်မှုအဖြစ် ဆီးရီးယား၊ အီရတ်နှင့် ပါကစ္စတန်နိုင်ငံတို့ ကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
အီရန်နှင့် ပါကစ္စတန်နိုင်ငံကြား တင်းမာမှုများဖြေလျော့ရန် အပြန်အလှန်သဘောတူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်