အီရန်နှင့်ပါကစ္စတန်နိုင်ငံကြား ဖြစ်ပွားနေသည့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

နယူးယောက်၊ ဇန်နဝါရီ ၁၉

အီရန်နှင့် ပါကစ္စတန်နိုင်ငံကြားဖြစ်ပွားနေသည့် တင်းမာမှုများကို အစွန်းကုန်သည်းခံချုပ်တည်ပြီး ငြိမ်းချမ်းစွာဖြေရှင်းကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက် တွန်းလိုက်ကြောင်း သိရသည်။

အီရန်နိုင်ငံသည် ပြီးခဲ့သောရက်ပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းရှိ အီရန်ဆန့်ကျင့်ရေး လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံကလည်း ဇန်နဝါရီ ၁၈ ရက် နေ့တွင် အီရန်နိုင်ငံအတွင်းရှိ ပါကစ္စတန်ဆန့်ကျင့်ရေး လက်နက်ကိုင်အဖွဲ့များကို တုံ့ပြန်တိုက်ခိုက်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က “ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ပါကစ္စတန်နဲ့ အီရန်နိုင်ငံကြားဖြစ်နေတဲ့ တင်းမာမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်စေလိုတယ်။ နိုင်ငံအချုပ်အခြာ အာဏာပိုင်နက်တွေကို လေးစားမှုအပြည့်နဲ့ ဆောင်ရွက်စေလိုတယ်။” ဟု ပြောသည်။

ပါကစ္စတန်နိုင်ငံသည် အီရန်နိုင်ငံနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်လာခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ ရက်နေ့တွင် နိုင်ငံအရေးပေါ်လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း သိရသည်။

ပါကစ္စတန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ ပါကစ္စတန်ဝန်ကြီးချုပ်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ နိုင်ငံလုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပခဲ့တယ်။ ပါကစ္စတန် ကာ ကွယ်ရေးဦးစီးချုပ်နဲ့ ထောက်လှမ်းရေးအဖွဲ့အကြီးအကဲတို့ တက်ရောက်မယ်။” ဟု  ပြောသည်။

အီရန်နှင့် ပါကစ္စတန်နိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှုများကြောင့် နှစ်ဖက်စလုံးတွင် ကလေးငယ်များအပါအဝင် လူသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

အီရန်နှင့်ပါကစ္စတန်နိုင်ငံကြား ဖြစ်ပွားနေသည့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.