အီရန်နိုင်ငံ၏တိုက်ခိုက်မှုရန်မှ အစ္စရေးကိုကူညီမည်ဖြစ်ကြောင်း အမေရိကန် ဆို

ဝါရှင်တန်၊ ဧပြီ ၁၁

ဂါဇာအရေးနှင့်ပတ်သက်ပြီး အရှေ့အလယ်ပိုင်းအရေး တင်းမာမှုများရှိနေချိန်တွင် အစ္စရေးနိုင်ငံကို အီရန်နိုင်ငံတိုက်ခိုက်ခံရမှုမှ ကူညီကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အီရန်နိုင်ငံအနေဖြင့် ၎င်းတို့ဗိုလ်ချုပ်နှစ်ဦးသေဆုံးစေခဲ့သော ဆီးရီးယားရှိ အီရန်သံရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံကို လက်တုံ့ပြန်ဖွယ်ရှိနေသည်ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြီးခဲ့သောရက်ပိုင်းတွင် သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကို အီရန်နိုင်ငံရဲ့တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့လိုလားနေပါတယ်။ အီရန်နိုင်ငံအပြင် အီရန်လက်အောက်ခံအဖွဲ့စည်းတွေရဲ့ ခြိမ်းခြောက်မှုတွေကနေ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်ပေးမယ်ဆိုတဲ့ကတိကို အကောင်ထည်ဖော်သွားမှာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့လုံခြုံရေး ကို ကာကွယ်ပေးဖို့ အရာအားလုံးလုပ်ဆောင်သွားမယ်။” ဟု ပြောသည်။

အမေရိကန်သည် အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးနေသော အဓိကနိုင်ငံဖြစ်ပြီး၊ ဂါဇာစစ်ပွဲတွင်လည်း အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးနေဆဲဖြစ်ကြောင်း သိရသည်။

သို့သော် အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့သည် ဂါဇာစစ်ပွဲတွင် အရပ်သားများ သေဆုံးမှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားကာ သဘောထားကွဲလွဲနေဆဲဖြစ်ကြောင်း သိရ သည်။ သို့သော် အမေရိကန်က အစ္စရေးနိုင်ငံကို အီရန်နိုင်ငံတိုက်ခိုက်မှုရန်မှ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

အစ္စရေးနိုင်ငံကလည်း အီရန်နိုင်ငံ၏တိုက်ခိုက်မှုကို လက်တုံ့ပြန်အဆင့်သင့်ရှိနေကြောင်း ပြောဆိုထားသည်။

ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရန်နှင့် အစ္စရေးနိုင်ငံကြား တင်းမာမှုများဖြစ်ပွားခဲ့ရာ အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်များ သေဆုံးခြင်းများရှိခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

ft.com/content

အီရန်နိုင်ငံ၏တိုက်ခိုက်မှုရန်မှ အစ္စရေးကိုကူညီမည်ဖြစ်ကြောင်း အမေရိကန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.