အီရန်နိုင်ငံနှင့်ဖြစ်လာနိုင်သမျှ အရာအားလုံးကို ရင်ဆိုင်ဖို့အဆင့်သင့်ရှိနေကြောင်း အစ္စရေးစစ်တပ် ဆို

တဲလ်အဗစ်၊ ဧပြီ ၈

အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံနှင့်ဖြစ်လာဖွယ်ရှိနေသည့် ကိစ္စအားလုံးကို ရင်ဆိုင်သွားရန် အဆင့်သင်ရှိနေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက် သည်။

ပြီးခဲ့သောသီတင်းပတ်အတွင်း ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးများကို အစ္စရေးနိုင်ငံက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်များ သေဆုံးခဲ့သည့်အတွက် အီရန်နှင့် အစ္စရေးနိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း သိရသည်။

အီရန်သည် ၎င်းတို့ဗိုလ်ချုပ်များသေဆုံးမှုအတွက် အမေရိကန်နှင့် အစ္စရေးနိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်ဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သောရက်ပိုင်းတွင် သတိပေးထားသည်။

အီရန်အစိုးရကိုယ်တိုင်ကလည်း ၎င်းတို့အနေဖြင့် အစ္စရေးနိုင်ငံလုပ်ဆောင်ခဲ့သည့်အတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုထားရာ အစ္စရေးသံရုံးများကို တိုက်ခိုက်ဖွယ်ရှိနေသလားဆိုသည့် ထင်မြင်ချက်များ ထွက်ပေါ်နေသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ဂယ်လန့်က “ ကျွန်တော်တို့စစ်တပ်ဟာ အကဲဖြတ်ဆန်းစစ်မှုတွေ လုပ်ဆောင်ပြီးပါပြီ။ အီရန်နိုင်ငံက စစ်ရေးနည်းလမ်းသုံး တိုက်ခိုက်လာမယ်ရင်လည်း တုံ့ပြန်ဖို့ အရာရာတိုင်းကိုပြင်ဆင်ထားတယ်။” ဟု ပြောသည်။

အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနှင့် အီရန်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။

အစ္စရေးကာကွယ်ရေးဦးစီးချုပ်ကလည်း အစ္စရေးနိုင်ငံသည် အီရန်နိုင်ငံနှင့် စစ်ဖြစ်မည်ဆိုလျှင် တိုက်ခိုက်ရမလား၊ ခုခံရမလားဆိုသောအချက်ကို ကောင်းကောင်းသိထားကြောင်း အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုတွေရှိလာမည်ဆိုလျှင် အမေရိကန်အပြင်ဒေသအတွင်းရှိ အခြားမဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းပြီး လုပ်ဆောင်စရာရှိသည်များကို လုပ်မည်ဖြစ်ကြောင်း ပြောသည်။

အီရန်သည် ဗိုလ်ချုပ်နှစ်ဦးအပါအဝင် အီရန်တာဝန်ရှိသူ ၇ ဦးသေဆုံးခဲ့ပြီးနောက် အစ္စရေးနိုင်ငံကို ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိသော မတူညီသောဒုံးကျည် ၉ မျိုးကို ပြသခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ပြီးခဲ့သောနှစ်တုန်းကလည်း ဆီးရီးယားနိုင်ငံကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်တစ်ဦးအပါအဝင် အီရန်စစ်ဘက်တာဝန်ရှိသူများ သေဆုံးခဲ့ဖူးကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

အီရန်နိုင်ငံနှင့်ဖြစ်လာနိုင်သမျှ အရာအားလုံးကို ရင်ဆိုင်ဖို့အဆင့်သင့်ရှိနေကြောင်း အစ္စရေးစစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.