အီရန်နိုင်ငံကို နိုင်ပွဲရယူနိုင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ဆို

တဲလ်အဗစ်၊ ဧပြီ ၁၄

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အစ္စရေးသည် အီရန်နိုင်ငံကို နိုင်ပွဲရယူနိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အီရန်သည် အစ္စရေးနိုင်ငံကို ဧပြီ ၁၃ ရက်၊ ညပိုင်းက ဒရုန်းအစင်းရေပေါင်း ၁၀၀ ကျော်အပြင်၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးနှင့် အမေရိကန်နိုင်ငံတို့က ကြားဖြတ်ဟန့်တားခဲ့ရကြောင်း သိရသည်။

အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီရတ်၊ ယီမင်နှင့် အီရန်နိုင်ငံဘက်ခြမ်းမှ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒုံးကျည်များ၊ ဒရုန်းအများအပါအဝင် တာဝေးပစ်လက်နက် ၃၀၀ ကျော်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သို့သော်လည်း ၎င်းတို့ပစ်ခတ်ခဲ့သော ဒုံးကျည်နှင့် ဒရုန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ကလည်း “ အမေရိကန်စစ်တပ်ဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ဦးတည်လာတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်ချနိုင်ခဲ့တယ်။ အီရန် နဲ့ ၎င်းရဲ့လက်အောက်ခံ လက်နက်ကိုင်အဖွဲ့စည်းတွေရဲ့ အဆင်ခြင်မဲ့တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုတ်ချပါတယ်။ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အီရန်နိုင်ငံကို တောင်းဆိုပါတယ်။” ဟုပြောသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက “ ကျွန်တော်တို့ဟာ အီရန်နိုင်ငံနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်ခဲ့တဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်။ ကျွန် တော်တို့တွေဟာ အတူတကွနိုင်ပွဲရယူနိုင်မှာဖြစ်တယ်။” ဟု ပြောသည်။

အစ္စရေးသည် ဧပြီလအစောပိုင်းက ဆီးရီးယားနိုင်ငံကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်များ သေဆုံးခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် အစ္စရေးကိုလက်တုံ့ပြန်မည်ဟု ပြောဆိုခဲ့သည့်အတိုင်း အစ္စရေးနိုင်ငံကို ဧပြီ ၁၃ ရက်နေ့တွင် လက်တုံ့ပြန်တိုက်ခိုက်လာခြင်းဖြစ်သည်။

ကောင်းထက်ငွေ

reuters.com/world

အီရန်နိုင်ငံကို နိုင်ပွဲရယူနိုင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.