အီရန်က ရုရှားကို မြေပြင်ပစ်ဒုံးကျည်များ ထောက်ပံ့ပေးခဲ့ ဟုဆို

တဲလ်ရန်၊ ဖေဖော်ဝါရီ ၂၂

အီရန်နိုင်ငံသည် ရုရှားနိုင်ငံကို မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သော သတင်းအရင်းမြစ်များက ပြောသည်။

အီရန်နိုင်ငံသည် ရုရှားနိုင်ငံကို ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် Fateh-110 အမျိုးအစား ဒုံးကျည်အစင်း ၄၀၀ ကျော်နှင့် Zolfaghar အမျိုးအစားဒုံးကျည်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဒုံးကျည်များသည် အကွာအဝေးမိုင်ပေါင်း ၁၈၆ မိုင်နှင့် ၄၃၅ မိုင်ကြား ပစ်ခတ်နိုင်စွမ်းရှိသော ဒုံးကျည်များဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမရှိကြောင်း သိရသည်။

အီရန်နှင့် ရုရှားစစ်ဘက်တာဝန်ရှီသူများသည် ပြီးခဲ့သောနှစ်နှောင်းပိုင်းတွင် နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီလအစောပိုင်းမှစတင်ပြီး ဒုံးကျည်များကိုသင်္ဘောများဖြင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

ရုရှားသည် ယူကရိန်းနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း စစ်လက်နက်ပစ္စည်းများ ကုန်ခမ်းနေသည့်အတွက် မိတ်ဖက်နိုင်ငံများထံမှ အကူညီရရှိရန် ကြိုးပမ်းနေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့က ပြောသည်။

အီရန်နိုင်ငံအပြင် မြောက်ကိုရီးယားနိုင်ငံကလည်း ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများက ပြောဆိုသည်။

ရုရှားသည် လက်ရှိအချိန်တွင် ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားပြီး၊ ယူကရိန်း၏တုံ့ပြန်မှုများကို ကာကွယ်နေရဆဲဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံသည် ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့သည်ဆိုသော သတင်းများကို အစောပိုင်းကငြင်းဆန်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

alarabiya.net/News

အီရန်က ရုရှားကို မြေပြင်ပစ်ဒုံးကျည်များ ထောက်ပံ့ပေးခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.