တဲလ်အဗစ်၊ ဧပြီ ၁၇
အစ္စရေးကာကွယ်ရေးဦးစီးချုပ်က ၎င်းတို့သည် အစ္စရေးလေတပ်စခန်းများ တိုက်ခိုက်ခဲ့သော အီရန်နိုင်ငံ၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်မည်ဖြစ်ကြောင်း သတိပေးပြောဆိုလိုက်သည်။
အစ္စရေးကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတောင်ပိုင်းရှိ အစ္စရေးလေတပ်စခန်းကို ရောက်ရှိချိန်အတွင်း စစ်သားများဖြင့်တွေ့ဆုံရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက “ အီရန်နိုင်ငံဟာ အစ္စရေးရဲ့မဟာဗျူဟာမြောက် လုပ်နိုင်စွမ်းကို ထိခိုက်စေလိုတယ်။ ဒီလိုမျိုးဟာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ Iron Shield လေကြောင်းရန်ကာကွယ်ရေး ကာကွယ်ရေးစနစ်တွေကို ပြင်ဆင်ထားခဲ့တယ်။ လက်ရှိအချိန်မှာလည်း ပြင်ဆင်ထားတယ်။ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ နောက်ထပ်လုပ်ဆောင်ရမယ့်အဆင့်တွေကို စဉ်းစားနေတယ်။ အစ္စရေးနိုင်ငံပိုင်နက်ထဲကို ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်တွေ ဝင်ရောက်လာမယ်ဆိုရင် တုံ့ပြန်ခံရ မယ်။” ဟု ပြောသည်။
အီရန်သည် ဧပြီ ၁၃ ရက်နေ့က အစ္စရေးနိုင်ငံကို ပစ်မှတ်ထားပြီး ဒုံးကျည်များနှင့် ဒရုန်းအစင်းရေပေါင်း ၃၀၀ ကျော်နှင့် တိုက်ခိုက်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အ မေရိကန်၊ ဗြိတိန်စစ်အခြေစိုက်စခန်းများမှ ပစ်ချပေးခဲ့သလို၊ အစ္စရေးနိုင်ငံကိုယ်တိုင်ကလည်း ပစ်ချခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်က အီရန်နိုင်ငံကပစ်ခတ်လိုက်သော အရာအားလုံး၏ ၉၉ ရာခိုင်နှုန်းနီးပါးကို ပစ်ချနိုင်ခဲ့ကြောင်း ပြောသည်။
အစ္စရေးနိုင်ငံ၏ ကြားဖြတ့်ဟန်တားရေးစနစ်များကြောင့် အီရန်နိုင်ငံ၏ တိုက်ခိုက်ခြင်းများ မအောင်မြင်ခဲ့ကြောင်း ၎င်းကထပ်မံပြောဆိုသည်။
အစ္စရေးသည် အီရန်နိုင်ငံကို လတ်တလောတွင် တိုက်ခိုက်မည်မဟုတ်ဘဲ သင့်တော်သောအချိန်တွင် တုံ့ပြန်တိုက်ခိုက်မည်ဟု အစောပိုင်းက သတင်းထုတ်ပြန်ထားသည်။
အစ္စရေးကာကွယ်ရေးဦးစီးချုပ်သည် အီရန်ကိုတိုက်ခိုက်မည်ဟု ပြောဆိုခဲ့သော်လည်း မည့်သည့်အချိန်တွင် တိုက်ခိုက်မည်ဆိုသောအချက်ကို ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
timesofisrael.com
အီရန်ကို လက်တုံ့ပြန်မည်ဟု အစ္စရေးကာကွယ်ရေးဦးစီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်