အိုမန်ကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန်သင်္ဘောတစ်စီးကို အီရန်စစ်တပ် ဖမ်းဆီး

ဒူဘိုင်း၊ ဇန်နဝါရီ ၁၂

အီရန်ရေတပ်သည် အမေရိကန်နိုင်ငံကို လက်တုံ့ပြန်မှုအဖြစ် အိုမန်ကမ်းလွန်တွင် အမေရိကန် ကုန်စည်သင်္ဘောတစ်စီးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အမေရိကန်သည် ပြီးခဲ့သောနှစ်က အီရန် ကုန်စည်သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့ရာ ယင်းလုပ်ရပ်အတိုင်း လက်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း အီရန်စစ်တပ်က ပြောသည်။

အမေရိကန်အစိုးရက ကုန်စည်သင်္ဘောကို ဖမ်းဆီးလိုက်သော အီရန်၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်ထားပြီး ဥပဒေနှင့်မညီသော ဖမ်းဆီးမှုဖြစ်ကြောင်း၊ သင်္ဘောနှင့်အတူ သင်္ဘောသား များကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

ဗြိတိန်ရေတပ်က ဂရိနိုင်ငံသားပိုင်ဆိုင်ပြီး Marshall ကျွန်းစုအလံ တပ်ထားသော St Nikolas အမည်ရှိသင်္ဘောသည် ဖမ်းဆီးခံရကြောင်း သတင်းထုတ်ပြန်ထားသည်။

ဗြိတိန် ရေတပ်က “ သင်္ဘောပေါ်ကို ခွင့်ပြုချက်မရပဲ လက်နက်ကိုင်ဆောင်ထားတဲ့ လူငါးဦးခန့်တက်လာတယ်။ အနက်ရောင် masks တွေတပ်ဆင်ထားပြီး စစ်သားပုံစံမျိုးတွေဖြစ် တယ်။” ဟု ပြောသည်။

အီရန်ရေတပ်က ၎င်းတို့သည် ယခင်တုန်းက Suez Rajan ဟုခေါ်ဆိုသော သင်္ဘောကို ဖမ်းဆီးလိုက်ကြောင်း အတည်ပြုပြောဆိုထားသည်။

အီရန်နိုင်ငံပိုင် မီဒီယာများက အီရန်ရေတပ်သည် အိုမန်ပင်လယ်ကွေ့ ရေပိုင်နက်တွင် အမေရိကန်ရေနံတင်သင်္ဘောတစ်စီးကို အီရန်တရားရုံးဆုံးဖြတ်ချက်အတိုင်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

အီရန်သတင်းဌာနက အမေရိကန်သည် အီရန်နိုင်ငံမှရေနံများကို ခိုးယူခဲ့ကြောင်း၊ Suez Rajan သင်္ဘောကလည်း ချိုးဖောက်မှုများရှိနေသည့်အတွက် တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။

သို့သော်လည်း အမေရိကန်စစ်တပ်က အီရန်၏လုပ်ရပ်များသည် နိုင်ငံတကာရေပိုင်နက် ဥပဒေများအပြင် ဒေသအတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်လိုက်ခြင်းဖြစ် ကြောင်း ပြောသည်။

အီရန်အစိုးရက အီရန်ရေနံတင်သင်္ဘော ဖမ်းဆီးခံရခြင်းကို လက်တုံ့ပြန်မှုအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ အမေရိကန်နှင့် အီရန်တို့သည် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့်ဆက်နွယ်ပြီး တင်းမာမှုအရှိန်မြင့်တက်နေရာ လက်ရှိအချိန်တွင်လည်း ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အငြင်းပွားမှုများ၊ သတိပေးမှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

အိုမန်ကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန်သင်္ဘောတစ်စီးကို အီရန်စစ်တပ် ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.