ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်အပါအဝင် နေပြည်တော်နှင့် မန္တလေးအိမ်ခြံမြေဈေးကွက်သည် သီတင်းကျွတ်ကာလပြီးသော်လည်း အရောင်းအဝယ်မရှိ အေးစက်နေကြောင်း အိမ်ခြံမြေအကျိုးတော် ဆောင်များ၏ ပြောပြချက်အရ သိရသည်။
သီတင်းကျွတ်ကာလအပြီး အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ်ကောင်းမွန်လာမည်ဟု မျှော်မှန်းထားသော်လည်း လက်ရှိအချိန်အထိ အရောင်းအဝယ်မရှိ အေးစက်နေကြောင်း သိရသည်။
“ အရောင်းအဝယ်က ဖြစ်ကိုမဖြစ်တာ။ ငုတ်တုတ်ထိုင်နေရတယ်။ ခါတိုင်းဆိုရင် သီတင်းကျွတ်ပြီးရင်တောင် အရောင်းအဝယ်က သူ့ဟာနဲ့သူရှိတယ်။ အခုက လုံးလုံးကိုမရှိတာ။” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သို့သော် မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေသော်လည်း ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသားများ၏ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုသည် ၂၀၂၄ ခုနှစ်၏ ပထမကိုးလအတွင်း သုံးဆခန့်မြင့်တက်လာကြောင်း အိမ်ခြံမြေသတင်းအချက်အလက်ဗဟို(REIC)၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ အိမ်ခြံမြေဝယ်ယူမှုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လမှ စက်တင် ဘာလအထိ သုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံသားများ၏ အိမ်ခြံမြေဝယ်ယူမှုက ၆၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
အိမ်ခြံမြေဈေးကွက် အေးစက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်