အိန္ဒိယ-ပါကစ္စတန် ထိပ်တန်းစစ်ဘက်အရာရှိများ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြုလုပ်မည်

နယူးဒေလီ၊ မေ ၁၂

အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ထိပ်တန်းစစ်ဘက်အရာရှိများသည် ၎င်းတို့အကြားသဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို တနင်္လာနေ့နှောင်းပိုင်းတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနိုင်ငံများကြားတွင် ပြင်းထန်သောပစ်ခတ်မှုများနှင့် လေကြောင်းမှကျူးကျော်ဝင်ရောက်မှုများ လေးရက်နီးပါးကြာ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်က ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေးကို တစ်ညလုံးထိန်းထားခဲ့သည်။

အိန္ဒိယနှင့် ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးကို စနေနေ့တွင်ကြေညာခဲ့ပြီး “လူများစွာသေဆုံးစေကာ အများအပြားပျက်စီးစေမည့် ရန်စမှုများကို ရပ်တန့်ရန်အချိန်တန်ပြီ” ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ထိုအချိန်မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲသွားသော်လည်း အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကို အချင်းချင်းသတိပေးနေကြသည်ဟု ဆိုကြသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ရန်လိုမှုများသည် နှစ်နိုင်ငံစလုံးက နောက်ဆုတ်ရန်ဆန္ဒရှိပုံမရဘဲ တစ်ဖက်မှ မဆုတ်မနစ်ရှေ့ဆက်ပါက အရှိန်အဟုန်ပြင်းပြင်းနှင့် ပြီးပြည့်စုံသောစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။

အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားတွင် ကမ္ဘာလှည့်ခရီးသည် ၂၆ ဦး သေဆုံးခဲ့ရသည့် စစ်သွေးကြွများ၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသရှိ ပစ်မှတ်ကိုးခုကို အိန္ဒိယက မေလ ၇ ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုသည် သာယာလှပသော ပါဟယ်ဂမ်ချိုင့်ဝှမ်းရှိ မြက်ခင်းပြင်တစ်ခုတွင် ဧပြီလ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွက် ပါကစ္စတန်အခြေစိုက်အဖွဲ့ကို အိန္ဒိယကအပြစ်တင်သော်လည်း အစ္စလာမာဘတ်က ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

ပထမအကြိမ်တိုက်ခိုက်မှုပြီးသည့်နောက် ရက်ပိုင်းအတွင်း အိန္ဒိယနှင့် ပါကစ္စတန်တို့က နယ်စပ်ဖြတ်ကျော်ပစ်ခတ်ကြသည်ဟု အပြန်အလှန်စွပ်စွဲကြပြီး ဒရုန်းများနှင့် လေယာဉ်များကို ပြိုင်ဘက်များ၏ဝေဟင်ပိုင်နက်အတွင်း ပစ်ချခဲ့ကြောင်း အခိုင်အမာဆိုကြသည်။

Ref: BBC

#ယနေ့ခေတ်

အိန္ဒိယ-ပါကစ္စတန် ထိပ်တန်းစစ်ဘက်အရာရှိများ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြုလုပ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.