အိန္ဒိယရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မိုဒီ ထပ်မံအနိုင်ရပြီး ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ယူခွင့်ရဖွယ်ရှိနေ

နယူးဒေလီ၊ ဇွန် ၅

သီတင်းပတ် ခြောက်ပတ်ကြာကျင်းပခဲ့သော အိန္ဒိယအထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် နရမ်ဒရာ မိုဒီဦးဆောင်သော BJP ပါတီသည် အနိုင်ရသွားခဲ့ကြောင်း သိရသည်။ ရွေး ကောက်ပွဲတွင်အနိုင်ရခဲ့သော်လည်း မျှော်လင့်ထားသလို သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ခြင်းမျိုးမဟုတ်ကြောင်း သိရသည်။

မိုဒီသည် အိန္ဒိယဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ဆက်တိုက်တာဝန်ယူခွင့်ရမည်ဖြစ်ပြီး၊ နှစ်ပေါင်း ၆၀ကျော်အတွင်း ဝန်ကြီးချုပ်တာဝန်ကို သုံးကြိမ်ဆက်တိုက် ပထမဆုံးရယူနိုင်သူဖြစ် လာခဲ့ကြောင်း သိရသည်။

BJP ပါတီသည် ရွေးကောက်ပွဲတွင် အစိုးရဖွဲ့စည်းရန်လိုအပ်သောနေရာပေါင်း ၂၇၂ နေရာထက်ကျော်လွှန်ပြီး နေရာပေါင်း ၂၉၃ နေရာတွင် အနိုင်ရခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်မိုဒီက ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရသည့်အတွက် ကျေနပ်ပျော်ရွင်ကြောင်း၊ လာမည့်အစိုးရသက်တမ်းအတွင်း ဆင်းရဲမှုနှင့် အကျင့်ပျက်လာဘ် စားမှုများကို တိုက်ဖျက်နိုင်ရန် အရာရာတိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

အိန္ဒိယရွေးကောက်ပွဲသည် ကမ္ဘာပေါ်ရှိဒီမိုကရေစီနိုင်ငံများထဲတွင် အကြီးမားဆုံးဒီမိုကရေစီရွေးကောက်ပွဲဖြစ်ခဲ့ပြီး မဲပေးခွင့်ရှိသူ ၉၆၉ သန်းရှိခဲ့ပြီး မဲလာပေးသူ ၆၄၂ သန်းကျော်ရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယရွေးကောက်ပွဲသည် အခြားနိုင်ငံများ၏ ရွေးကောက်ပွဲနှင့်မတူညီဘဲ အဆင့် ၇ ဆင့်ဖြင့်ကျင်းပခဲ့ပြီး၊ ဧပြီ ၁၉ ရက်နေ့မှ ဇွန်လ ၁ ရက်န့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အတိုက်ခံပါတီများက ရွေးကောက်ပွဲတွင် ၎င်းတို့ရှုံးနိမ့်ခြင်းကို လက်ခံခြင်းမရှိသေးသော်လည်း အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ဝန်ကြီးချုပ်မိုဒီကို ချီးကျူးဂုဏ်ပြုနေပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်အစိုးရကအိန္ဒိယဝန်ကြီးချုပ် မိုဒီဦးဆောင်မည့် အစိုးရအဖွဲ့လက်ထက်တွင် နှစ်နိုင်ငံကြားအနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်းပြောသည်။

အိန္ဒိယရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသော အမျိုးသမီးအားလုံး၏ တစ်ဝက်နီးပါး မဲလာရောက်ပေးခဲ့ကြောင်း ပြောသည်။

ကောင်းထက်ငွေ

npr.org

အိန္ဒိယရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မိုဒီ ထပ်မံအနိုင်ရပြီး ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ယူခွင့်ရဖွယ်ရှိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.