အစ္စလာမာဘတ်၊ မေ ၁၀
ပါကစ္စတန်လေတပ်စခန်းများကို ဒုံးကျည်ဖြင့်တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် စနေနေ့အစောပိုင်းတွင် အိန္ဒိယစစ်တပ်၏ နေရာအများအပြားကို တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့ပြီးနောက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနှစ်နိုင်ငံသည် စစ်ရေးအရှိန် သိသိသာသာတိုးမြင့်လာသည်။
အိန္ဒိယဂျက်လေယာဉ်များသည် မြို့တော်အစ္စလာမာဘတ်အနီး ရာဝယ်ပင်ဒီရှိ နိုအာလေတပ်စခန်းအပါအဝင် ၎င်းတို့၏လေတပ်စခန်းသုံးခုကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ကြောင်း စနေနေ့အစောပိုင်းတွင် ပါကစ္စတန်ကပြောကြားသည်။
လေတပ်ပိုင်ဆိုင်မှုအားလုံး ဘေးကင်းကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အာမတ်ရှာရစ်ဖ် ချက်ဒရီက ရုပ်မြင်သံကြားမှတဆင့် ပြောကြားသည်။
ပန်ဂျပ်ပြည်နယ်နှင့် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ အိန္ဒိယလေတပ်စခန်းများနှင့် အခြားစစ်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားသည်။
အိန္ဒိယစစ်တပ်သည် အမစ်စရာမြောက်ပိုင်းရှိ Khasa Cantonment အပါအဝင် အိန္ဒိယစစ်တပ်စခန်းတည်နေရာကို ပါကစ္စတန်၏ ဒရုန်းတိုက်ခိုက်မှုအများအပြားအား ချေမှုန်းနိုင်ခဲ့ကြောင်း X တွင် ရေးသားဖော်ပြခဲ့သည်။
ဆယ်စုနှစ်များကြာ နှစ်နိုင်ငံကြားတင်းမာမှုများသည် လေးရက်မြောက်သော စစ်ရေးလှုပ်ရှားမှုအတွင်း အန္တရာယ်အရှိဆုံးအဆင့်သို့ ပို့ဆောင်ပေးခဲ့သည်။
နှစ်ဖက်စလုံးသည် လူနေထူထပ်သောမြို့များတွင် ဒုံးပျံများနှင့် ဒရုန်းများကိုပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်နှင့် အခြားနိုင်ငံများက နှစ်နိုင်ငံအကြား သံတမန်နည်းလမ်းအရ အဖြေရှာရန်နှင့် ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံခန့်ရှိသော နှစ်နိုင်ငံကြား စစ်ပွဲကိုတားဆီးရန် တိုက်တွန်းခဲ့ကြသည်။
ဝန်ကြီးချုပ် ရှာဘတ်စ် ရှရစ်ဖ်သည် နျူကလီးယားလက်နက်ဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်မည့် အမျိုးသားကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အစည်းအဝေးကိုခေါ်ခဲ့ကြောင်း ပါကစ္စတန်ပြည်တွင်းမီဒီယာက စနေနေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါအစည်းအဝေးနှင့်ပတ်သက်၍ ဒုတိယ၀န်ကြီးချုပ် Ishaq Dar က အတည်မပြုခဲ့ဘဲ “ စစ်ဖြစ်နေတဲ့အခြေအနေမှာ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ အားလုံးရှိပါတယ်” ဟု စနေနေ့က Geo TV ကို ပြောကြားခဲ့သည်။
ပါကစ္စတန်သည် စနေနေ့မွန်းတည့်အထိ လေကြောင်းလိုင်းအားလုံးအတွက် ၎င်းတို့၏လေပိုင်နက်ကို ပိတ်ထားသည်။ အိန္ဒိယနိုင်ငံသည် နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများရှိ လေဆိပ် ၃၂ ခုကို ပိတ်ထားကြောင်း ကြေညာခဲ့ပြီး လေကြောင်းလမ်းကြောင်း ၂၅ ခုကို မေလ ၁၅ ရက်အထိ ရပ်ဆိုင်းခဲ့သည်။
Ref: Bangkok Post
#ယနေ့ခေတ်
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် စစ်ပွဲကြီးဖြစ်ပွားရန် နီးကပ်လာပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်