အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား စစ်ရေးတင်းမာမှုများမြင့်တက်နေ

ပါဟယ်လ်ဂမ်၊ ဧပြီ ၂၅

ကက်ရှ်မီးယားပြည်နယ်၊ ပါဟယ်လ်ဂမ်မြို့တွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုအပြီး နှစ်နိုင်ငံစစ်အင်အားတိုးချဲ့လာပြီး အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များ နှစ်နိုင်ငံကိုပိုင်းခြားထားသည့် ထိန်းချုပ်မျဉ်း(LOC)တွင် အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ကက်ရှ်မီးယားသည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အိန္ဒိယနှင့် ပါကစ္စတန်ကြား ထိန်းချုပ်မျဉ်း(LOC) ဖြင့်ပိုင်းခြားခဲ့ပြီး နယ်မြေအားလုံးကို အပြည့်အ၀ပိုင်ဆိုင်သော်လည်း သီးခြားအုပ်ချုပ်မှုဖြင့် နှစ်ပေါင်းများစွာ တင်းမာမှုနှင့် အကြမ်းဖက်မှုများ ရှည်ကြာလာခဲ့သည်။

ပါကစ္စတန်ဘက်မှ ပစ်ခတ်မှုစတင်ခဲ့ကြောင်း အိန္ဒိယစစ်တပ်သတင်းရင်းမြစ်များက သောကြာနေ့တွင် Al Jazeera သို့ ပြောကြားခဲ့သည်။

ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဘက်ရှိ အစိုးရအရာရှိတစ်ဦးကလည်း တပ်ဖွဲ့ဝင်များကပစ်ခတ်ခဲ့ကြောင်း AFP သတင်းဌာနအား သောကြာနေ့တွင်အတည်ပြုခဲ့သော်လည်း အပြန်အလှန်တိုက်ခိုက်မှုကို မည်သူကစတင်ခဲ့သည်ကို ပြောကြားခြင်းမရှိပေ။

“ အရပ်သားလူထုကို ပစ်ခတ်တာမရှိပါဘူး” ဟု ပါကစ္စတန်အရာရှိ Syed Ashfaq Gilani က AFP သို့ ပြောကြားခဲ့သည်။

LOC တလျှောက် မည်သည့်နေရာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဘက်မှ Al Jazeera ကို ပြောကြားချက်အရ လူနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

အင်္ဂါနေ့က ပါဟယ်လ်ဂမ်ရှိ အပန်းဖြေစခန်းတစ်ခုတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ၂၆ ဦးထက်မနည်းသေဆုံးခဲ့ ပြီး အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားဘက်တွင် နှစ်ပေါင်း ၂၅ နှစ်အတွင်း လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်အခြေစိုက် Lashkar-e-Taiba လက်နက်ကိုင်အဖွဲ့၏ အဆက်အနွယ်ဖြစ်သည်ဟုယူဆရသည့် The Resistance Front(TRF) အဖွဲ့၏ထုတ်ပြန်ကြေညာချက်တွင် အဆိုပါတိုက်ခိုက်မှုအတွက် ၎င်းတို့တွင်တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

Ref: Al Jazeera

#ယနေ့ခေတ်

အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား စစ်ရေးတင်းမာမှုများမြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.