ရန်ကုန်၊ မတ် ၁၀
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာစစ်ဘေးရှောင်များအား မတ် ၉ ရက်မှစတင်၍ နှင်ထုတ်နေကြောင်း အေအက်ဖ်ပီသတင်းအရ သိရသည်။
“မြန်မာနိုင်ငံမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းလာတဲ့ စစ်ဘေးရှောင်များကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ကနေ နှင်ထုတ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခိုလှုံနေသူတွေကို ယာယီသာ နေခွင့်ပေးထားခြင်းဖြစ်ပါတယ်။” ဟု မဏိပူရပြည်နယ် ဝန်ကြီးချုပ် မစ္စတာ အင်န်ဘီရန်ဆင်းက ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သည် ၁၉၅၁ ခုနှစ်၊ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းတွင် လက်မှတ်ထိုးထားခြင်း မရှိသော်လည်း၊ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူများကို လူသားချင်းစာနာထောက်ထားမှုအနေဖြင့် ယာယီခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း မစ္စတာဆင်း အင်န်ဘီရန်ဆင်းက အေအက်ဖ်ပီသတင်းတွင် ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်ဖက်တိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် အရပ်သားများသည် အိန္ဒိယနိုင်ငံ၏ ဝေးလံခေါင်ဖျားသော အရှေ့မြောက်ဘက်ရှိ မဏိပူရပြည်နယ်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေး ခိုလှုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား အများစုဖြစ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များကို ပြန်လည် နှင်ထုတ်နေသော ဗီဒီယိုဖိုင်ကိုလည်း မစ္စတာဆင်းက ၄င်း၏ လူမှုကွန်ရက်တွင် ပို့စ်တင် လွှင့်ခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – အေအက်ဖ်ပီ
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များအား နှင်ထုတ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်