အိန္ဒိယနိုင်ငံသို့ မြန်မာ့ကွမ်းသီးခြောက်များတင်ပို့ရန် MoU ရေးထိုးပြီး ဟုဆို

ရန်ကုန်၊ မတ် ၃

မြန်မာ့ကွမ်းသီးခြောက်ကို အိန္ဒိယနိုင်ငံသို့တင်ပို့ရန် နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ ရေးထိုးပြီးဖြစ်ကြောင်း မွန်ပြည်နယ်၊ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။

အိန္ဒိယနိုင်ငံ Lax Corporation Co,ltd မှ မြန်မာ့ကွမ်းသီးခြောက်များ ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားပြီး၊ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံသို့ လစဉ်ကွမ်းသီးတန်ချိန် ၂၀၀ တင်ပို့သွားမည်ဖြစ်ပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက နမူနာပုံစံများကို ပို့ပေးထားပြီးဖြစ်ကြောင်း သိရသည်။

“ အခုတော့ ပြီးခဲ့တဲ့လက နှစ်ဖက်လက်မှတ်ရေးထိုးပြီးသွားပြီ။ အခုတင်ပို့မယ့်ပုံစံ၊ တင်ပို့ရမယ့်နေရာ၊ ဈေးနှုန်း၊ ငွေပေးချေမှုပုံစံတွေကို ညှိနှိုင်းနေတယ်။” ဟု မွန်ပြည်နယ်၊ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကွမ်းသီးစိုက်ဧကသည် ၂၅၃,၃၇၀ ဧကရှိပြီး၊ ကွမ်းသီးခြောက်တန်ချိန် နှစ်သိန်းသုံးသောင်းခန့်ထွက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် တန်ချိန် ၈၀,၀၀၀ ဖြင့် အများဆုံးထွက်ရှိပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် တန်ချိန် ၈၀,၀၀၀ ကျော်ဖြင့် ဒုတိယအများဆုံးထွက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ကွမ်းသီးတန်ချိန် နှစ်သိန်းသုံးသောင်းခန့်ထွက်ရှိပြီး၊ ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေသော ကုန်ပစ္စည်းအမယ်ဖြစ်သည့်အပြင် ပြည်ပဝယ်လိုအားရှိသည့် ကုန်ပစ္စည်းအမယ်လည်းဖြစ်ကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – CJ, အစိမ်းရောင်လမ်း

အိန္ဒိယနိုင်ငံသို့ မြန်မာ့ကွမ်းသီးခြောက်များတင်ပို့ရန် MoU ရေးထိုးပြီး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.