နယူးဒေလီ၊ ဖေဖော်ဝါရီ ၈
လုံခြုံရေးအခြေအနေ စိုးရိမ်ရခြင်းများကြောင့် အိန္ဒိယနိုင်ငံသားများကို ရခိုင်ပြည်နယ်သို့ခရီးမသွားရန် အိန္ဒိယအစိုးရက တိုက်တွန်းအကြံပေးလိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောရက်ပိုင်းက နစကတပ်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) များကြား တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသားများကို ရခိုင်ပြည်နယ်သို့ခရီးမသွားရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကြိုးဖုန်းများအပါအဝင် ဆက်သွယ်ရေးလိုင်းများ အခက်ခဲဖြစ်ပွားနေခြင်း၊ စားသုံးကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းအပြင်လုံခြုံရေးအခြေနေ ဆိုးရွားစွာပျက်စီးနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက “ အိန္ဒိယနိုင်ငံသားတွေကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကို ခရီးမသွားဖို့ အကြံပေးလိုတယ်။ ရခိုင်ပြည်နယ်အတွင်းရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေကို အမြန်ဆုံးထွက်ခွာဖို့ တိုက်တွန်းလိုတယ်။” ဟု ပြောသည်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးများ ပြန်လည်ရရှိစေရန်နှင့် ပဋိပက္ခများကို စောစီးစွာအဖြေရှာရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုထားသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သောသီတင်းပတ်ကလည်း မြန်မာနိုင်ငံကို အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရန်နှင့် အကြမ်းဖက်မှုများအဆုံး သတ်ရန် အကြံပြုတောင်းဆိုခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
ddnews.gov.in
အိန္ဒိယနိုင်ငံသားများကို ရခိုင်ပြည်နယ်မှ အမြန်ဆုံးထွက်ခွာရန် အိန္ဒိယအစိုးရ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်