အိန္ဒိယနိုင်ငံလေဆိပ်နားတွင် မြန်မာစစ်လေယာဉ်လမ်းချော် ၆ ဦး ဒဏ်ရာရ ဟုဆို

နယူးဒေလီ၊ ဇန်နဝါရီ ၂၃

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် မြန်မာ့တပ်မတော်သားများ လိုက်ပါလာသော လေယာဉ်တစ်စီး ဇန်နဝါရီ ၂၃ ရက်၊ နံနက်ပိုင်းက လမ်းချော်မှုဖြစ်ပွားခဲ့ကာ တပ်မတော်သား ၆ ဦး ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါလေယာဉ်သည် Lengpui လေဆိပ်နားသို့ ဆင်းသက်ခါနီးချိန်တွင် လမ်းချော်ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းအရင်းမြစ်များက ပြောသည်။

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လေယာဉ်သည် အသေးစားလေယာဉ်ဖြစ်ပြီး လူပေါင်းတစ်ဒါဇင်ကျော်ကို တင်ဆောင်ပျံသန်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လေ ယာဉ်ပေါ်တွင်လိုက်ပါသွားသူပေါင်း ၁၄ ဦးအနက် ၆ ဦးဒဏ်ရာရခဲ့ပြီး၊ ရှစ်ဦးဘေးကင်းခဲ့ကြောင်း ဆိုသည်။

လေယာဉ်ပျက်ကျချိန်တွင် ဒဏ်ရာရသူများကို Lengpui ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးရန် ကြိုးပမ်းခဲ့ပြီး၊ လက်ရှိအချိန်တွင် ဆေးကုသပေးနေကြောင်း အိန္ဒိယအာဏာပိုင်များက ပြောသည်။

မြန်မာနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သောသီတင်းပတ်အတွင်း မြန်မာတပ်မတော်သား ၂၇၆ ဦးသည် မီဇိုရမ်ပြည်နယ်အတွင်းသို့ တိမ်းရှောင်ခဲ့ပြီး အဆိုပါ တပ် မတော်သားများကို မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်နယ်ဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း၊ မြန်မာတပ်မတော်လေယာဉ်သည် Lengpui လေဆိပ်တွင် ပြည် တော်ပြန်မည့် မြန်မာတပ်မတော်သားများကို ပြန်လည်ခေါ်ယူဖွယ်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းက အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

ကောင်းထက်ငွေ

ddnews.gov.in

အိန္ဒိယနိုင်ငံလေဆိပ်နားတွင် မြန်မာစစ်လေယာဉ်လမ်းချော် ၆ ဦး ဒဏ်ရာရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.