ရန်ကုန်၊ ဇန်နဝါရီ ၃
အိန္ဒိယနိုင်ငံဘက်မှ ဝယ်လိုအားမြင့်တက်လာပြီး ပဲဈေးကွက်ဖွင့်ပေးခြင်းတို့ကြောင့် မြန်မာမတ်ပဲနှင့် ပဲစင်းငုံ ဈေးကောင်းရလာကြောင်း ပဲမျိုးစုံစိုက်ပျိုးရောင်းချသူများဈေးကွက်မှ သိရသည်။
အိန္ဒိယနိုင်ငံ၌ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် မျှော်မှန်းထားသည့်ပမာဏထက် ပဲထွက်နှုန်းလျော့နည်းနေသည့်အတွက် လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မတ်ပဲ ၂ ဒသမ ၅ သိန်း တန်နှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကို မြန်မာနိုင်ငံမှ ဝယ်ယူရန် MoU ထိုးထားပြီး၊ အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာ ပဲတင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ်အထိ ခွင့်ပြုထားကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ မတ်ပဲစျေးက တစ်တန်ကို ၂၈ သိန်းကျော်က သိန်း ၃၀ ကျော်လောက်အထိ ဈေးမြင့်သွားတယ်။ ဒီဇင်ဘာလထဲမှာ ပိတ်ရက်တွေကလည်းများတော့ ပြည် တွင်းပဲဈေးကွက် အရောင်းအဝယ်နည်းနည်းအေးပေမယ့် ပဲစျေးတော့မကျဘူး။ ပဲစင်းငုံလည်း ဈေးတက်တာပဲ။ ဒီဇင်ဘာလ ပထမအပတ်ထဲမှာ ပဲစင်းငုံတစ်တန်ကို ၃၁ သိန်းဝန်း ကျင်ကနေ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ၃၃ သိန်း ၅ သောင်းအထိ တက်သွားတယ်။” ဟု ပြည်တွင်းပဲဈေးကွက်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။
အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲနှင့် ပဲစင်းငုံ တန်ချိန်အမြောက်အမြား ထပ်မံဝယ်ယူရန် ကမ်းလှမ်းမှုများရှိနေသဖြင့် ပြည်တွင်းပဲဈေကွက်တွင် အဆိုပါပဲနှစ်မျိုး ဈေးမကျနိုင်ပဲ၊ ပဲအသစ် ပေါ်သည့်အချိန်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ကိုးသောင်းအောက်မရောက်နိုင်ကြောင်း ကုန်သည်များက ခန်မှန်းထားကြသည်။
မတ်ပဲကို ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့၌ အများဆုံးစိုက်ပျိုးပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မတ်ပဲစိုက်ဧက ၂၂ သိန်းခန့်ရှိ၍ ပဲအထွက်နှုန်း တင်းပေါင်း ၄၀၀ သိန်းကျော်ထွက်ရှိခဲ့ ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပင်လယ်ရေကြောင်းမှတဆင့် မတ်ပဲ ၃၄၉,၅၃၀ တန်၊ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ၁၀၉, ၆၈၈ တန် တင်ပို့နိုင်ခဲ့ပြီး၊ ကန်ဒေါ်လာ ၃၄၆ သန်း ကျော် ရရှိထားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံဘက်မှ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့မှုအတွက် ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လွတ်လပ်စွာတင်ပို့ခွင့်ပေးထားပြီး၊ မြန်မာနိုင်ငံဘက်မှ ပဲတင်သွင်းရာတွင် အခွန်ကင်းလွတ် ခွင့်ပေးထားကြောင်း သိရသည်။
မန္တလေးပဲဈေးကွက်အတွင်း မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ၂၁၀,၀၀၀ ကျပ်မှ ၂၈၃,၀၀၀ ကျပ်၊ မတ်ပဲအဟောင်းပိသာ ၆၀ တစ်အိတ်လျှင် ၂၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး၊ ပဲစင်းငုံ တစ်တင်းလျှင် ကျပ်တစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – ပေါက်ဖော်
အိန္ဒိယနိုင်ငံမှ ဝယ်လိုအားမြင့်တက်လာ၍ မြန်မာမတ်ပဲနှင့် ပဲစင်းငုံ ဈေးကောင်းလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်