နယူးဒေလီ၊ ဩဂုတ် ၁၅
အိန္ဒိယနိုင်ငံတွင် ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ တဖြည်းဖြည်းမြင့် တက်လာနေပြီး သေဆုံးသူအနည်းဆုံး ၆၅ ဦးရှိနေကြောင်း၊ ပျောက်ဆုံးလျက်ရှိ နေသူများကို ရှာဖွေ ကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အိန္ဒိယကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ရေကြီးမှုများကြောင့် ဟိမဝန္တာအရပ်ဒေသတွင်လည်း ကားများသည် ရေစီးနှင့်အတူမျောပါခြင်း၊ အဆောက်အဦးများ၊ တံတားများ ပျက်စီးသွာခဲ့ရကြောင်း အိန္ဒိယအစိုးရ တာဝန် ရှိသူများက ပြောသည်။
မုတ်သုံရာသီဝင်ရောက်ချိန်တိုင်း ရေကြီး၊ မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မကြာခဏဖြစ်လျက်ရှိနေသော အိန္ဒိယနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီး၊ မြေပြိုမှုများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သဘာဝဘေးအန္တရာယ်ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုထားသည်။
သြဂုတ် ၁၃ ရက်နေ့ကတည်းက ရေကြီးမြေပြိုမှုကြောင့် Himachal Pradesh ပြည်နယ်တွင် အနည်းဆုံး ၅၂ ဦးသေဆုံးခဲ့ပြီး ရေကြီးမှုကြောင့် လူထောင်ချီ ပိတ်မိနေခဲ့ကြောင်း သိရသည်။
ရေကြီးမြေပြိုမှုများကြောင့် ဘုရားကျောင်းပြိုကျမှုများလည်းဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၁ ဦးထပ်မံသေဆုံးခဲ့ပြီး လမ်းများအပြင် လျှပ်စစ်မီးလိုင်းများ၊ဆက်သွယ်ရေးကွန်ရက်များ လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူများကပြောသည်။
Himachal Pradesh ပြည်နယ်ဝန်ကြီးချုပ် Sukhvinder Singh Sukhu က “ ရေကြီးမှုထဲ ပိတ်မိနေတဲ့သူတွေကို ဘေးကင်းရာနေရာကို အမြန်ဆုံးရွှေ့ပြောင်းပေးနေတဲ့အပြင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။ ရေကြီးမှုကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ရသူတွေကို အစားစာတွေ ကူညီထောက်ပံ့ပေးတာတွေ ဆက် လုပ်သွားမှာပါ။” ဟု ဆိုသည်။
အိန္ဒိယအစိုးရက ပြည်သူများအနေဖြင့် အိမ်ထဲတွင်နေထိုင်ရန်နှင့် မြစ်ချောင်းများဘက် သွားလာခြင်းမလုပ်ရန် သတိပေးထားကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ မကြာသေးမီကဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်က နိုင်ငံတဝှမ်းမှာ မိသားစုတွေကို ဘေးဒုက္ခရင်ဆိုင်ခဲ့ရတယ်။ စိတ်မကောင်းဖြစ်ရပါတယ်။ ပြည်နယ် အစိုးရနဲ့ ဗဟိုအစိုးရတို့ဟာ ရေကြီး၊မြေပြိုမှုတွေ ရင်ဆိုင်ရတဲ့ ပြည်သူတွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီဆောင်ရွက်ပေးသွားမှာပါ။” ဟု ၇၇ နှစ်ပြည့် လွတ်လပ်ရေးနေ့အခမ်း နားတွင် ပြောဆိုခဲ့သည်။
ကောင်းထက်ငွေ
အိန္ဒိယတွင် ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူ ၆၅ ဦးအထိ မြင့်တက်လာကြောင်း အိန္ဒိယအစိုးရ ထုတ်ဖော်ပြောဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်