အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်း ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်သို့ ကျရောက်နိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၄

ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း(HAMOON)၏ အဝန်းအဝိုင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့သို့ ကျရောက်နိုင်၍ ထိုဒေသများတွင် မုန်တိုင်း၏သက်ရောက်မှုကို ခံစားရနိုင်ကြောင်း ယနေ့နေ့လည်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးချက် ထုတ်ပြန်သည်။

အားအလွန်ကောင်းသည့် ထိုမုန်တိုင်းသည် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသော် လည်း မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ ကျရောက်နိုင်၍ မုန်တိုင်း၏သက်ရောက်မှုကို ခံစားရနိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန် ချက်အရ သိရသည်။

မိုးလေဝသဖြစ်စဉ်များအား ခန့်မှန်းသုံးသပ်ပေးနေသူ ဦးဝင်းနိုင်က မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် ယနေ့နေ့လည်တွင် သတိပေးထားသည်။

“ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွေမှာတော့ မုန်တိုင်းလေပြင်းက တစ်နာရီ မိုင်၂၀ မှ မိုင် ၃၀ ၊ ၃၅ မိုင်ခန့်အထိရှိနိုင်ပြီး မိုးသည်းထန်ကာ တောင်ကျချောင်းရေ ရုတ်တရက်ဆင်း လာပြီး မြေပြိုခြင်း၊ တောင်ပြိုခြင်းတွေ ဖြစ်နိုင်တာကြောင့် အထူးသတိထားကြဖို့လိုပါမယ်။” ဟု ဦးဝင်းနိုင်က ပြောသည်။

အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းသည် ယနေ့နေ့လည်တွင် သံတွဲမြို့၊ စစ်တွေမြို့၊ မောင်တောမြို့၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ ရေမိုင် ၁၀၀ ကျော်မှ ၃၀၀ အတွင်း ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

ထိုမုန်တိုင်း၏ အရှိန်ကြောင့် ယနေ့နေ့လည်မှ အောက်တိုဘာ ၂၆ ရက်အထိ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ ကျန်ဒေသများတွင် မိုးရွာသွန်းနိုင်ကြောင်း မိုး/ဇလ၏ သတိပေးချက်အရ သိရသည်။

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကိုလည်းကောင်း ကြိုတင်သတိပြုနေထိုင်ကြရန် မိုး/ဇလမှ သတိပေးထားသည်။

မောင်ဇော်

ဓာတ်ပုံ – မိုး/ဇလ

#ယနေ့ခေတ်

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်း ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်သို့ ကျရောက်နိုင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.