အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် ၉ နိုင်ငံတို့ ပူးတွဲကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၇

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများပေါ်တွင် ဥရောပသမဂ္ဂ နှင့် အခြား ၉ နိုင်ငံတို့ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဥရောပသမဂ္ဂကိုယ်စား အဆင်မြင့်ကိုယ်စားလှယ်နှင့် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုးရီးယား၊ ဆွစ်ဇာလန်၊ တီမော-လက်စ်တေးနှင့် ယူနိုက်တက်ကင်းဒမ်းတို့မှ အစိုးရများ၏ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန်ရည်ရွယ်သည့် ပူးတွဲထုတ်ပြန်သော ကြေညာချက်ဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

“မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုး ရွားလာသည့်အပေါ် မိမိတို့အနေဖြင့် လေးလေးနက်နက်စိုးရိမ်ပူပန်မိပါသည်။ အကြမ်းဖက်မှုများ အရှိန်မြင့်ကာ ပြင်းထန်လာခြင်းနှင့်အတူ လူမျိုးစုများအကြား တင်းမာလာမှုများကြောင့် ဤအကျပ်အတည်းကို ပိုမိုဆိုးရွားလာစေပါသည်။” ဟု အ ဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် “စစ်ကောင်စီစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ လက်လှမ်းမှီရရှိနိုင်မှုအပေါ် ကန့်သတ်ထားခြင်း၊ အရပ်သားများအပေါ်၌ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများအား ဖြတ်တောက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းကဲ့သို့သော စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ အစီအရင်ခံစာများကိုလည်း တွေ့မြင်ခဲ့ရပါသည်။” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယခုအခါ “ပြည်သူပေါင်း ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပါသည်။ ဆေးဝါးအကူအညီများပေးပို့မှုကို ဟန့်တားထားသော အကန့်အသတ်များကြောင့်လည်း ကာလဝမ်းရောဂါအပါအဝင် ရောဂါဖြစ်ပွားမှုများမှာ မြင့်တက်လာလျက်ရှိပါသည်။” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ထို့ကြောင့် “စစ်အစိုးရနှင့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်မှုများလျော့ပါးရန်၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာရန်၊ အရပ်သားပြည်သူများအား အကာအကွယ်ပေးရန်၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ တိုင်းရင်းသားများနှင့် လူနည်းစုအုပ်စုဝင်များအပါအဝင် လိုအပ်နေသည့်ပြည်သူအားလုံးအတွက် ဘေးကင်းပြီး အတားအဆီးမဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ အပြည့်အဝ ဝင်ရောက်ခွင့်ကို ခွင့်ပြုရန် တိုက်တွန်းအပ်ပါသည်။ ရိုဟင်ဂျာများရင်ဆိုင်နေရသည့် ခွဲခြားဆက်ဆံမှုများနှင့် ညှင်းပန်းနှိပ်စက်ခံရမှုများကို ကိုင်တွယ်ဖြေရှင်းခြင်သည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရာတွင် တစိတ်တပိုင်းဖြစ်ရမည်ဟု မိမိတို့အလေးပေးပြောကြားအပ်ပါသည်။” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ မတရားဖမ်းဆီးထားသော အကျဉ်းသားအားလုံးကို လွှတ်ပေးရန်နှင့် ဖြစ်ပေါ်နေသော အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် စစ်မှန်၍ အပြုသဘောဆောင်ကာ အားလုံးအကျုံးဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုမှုများကို ထောက်ခံလျက်ရှိပါသည်။” ဟု ဥရောပသမဂ္ဂနှင့် ၉ နိုင်ငံတို့ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

#ယနေ့ခေတ်

အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ဥရောပသမဂ္ဂနှင့် ၉ နိုင်ငံတို့ ပူးတွဲကြေညာချက်ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.