အာရှလမ်း ပြန်လည်ဖွင့်လှစ်သော်လည်း ကုန်စည်စီးဆင်းမှု ပုံမှန်မဖြစ်သေး

ရန်ကုန်၊ သြဂုတ် ၃၀

ကရင်ပြည်နယ်၊ မြဝတီ-ကောကရိတ် အာရှလမ်း ပြန်လည်ဖွင့်လှစ်ထားသော်လည်း ကုန်စည်စီးဆင်းမှု ပုံမှန်မဖြစ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ် ၁၃ ရက်တွင် အာရှလမ်းမကြီးအား ဘေလီတံတားထိုးခြင်းနှင့် ချဥ်းကပ်တောင်ပေါ်လမ်း ဖောက်လုပ်ခြင်းအား လုပ်ဆောင်ပြီးသည့်နောက် ပြန်လည်အသုံးပြုခွင့်ရခဲ့ခြင်း ဖြစ်သည်။

သို့သော် ဘေလီတံတားမှာ ကျဉ်းမြောင်းနေသဖြင့် သွားလာရန်ကြန့်ကြာနေပြီး ယာဥ်ကြီး၊ ယာဥ်ငယ် ရာနှင့်ချီကာ ပိတ်ဆို့မှုဖြစ်နေကြောင်း သိရသည်။

“ တောင်ပေါ်လမ်းတစ်လျှောက်လုံးပဲ၊ ဘေလီတံတားကနေ တစ်လျှောက်လုံး ပိတ်တာ။ ဘေလီတံတားကကျဥ်းတယ်လေ။ အဲ့တော့ အလှည့်နဲ့ပဲ ပေးသွားလို့ရတော့ ၃ မိနစ်တစ်စီးပဲ ပေးသွားလို့ရတာ။ ကားလမ်းက ၁၂ မိုင်လောက်ရှိမယ် ပိတ်နေတာ။” ဟု ဒေသခံ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းသည် သြဂုတ် ၇ ရက်က ရာသီဥတုကြောင့် ပျက်စီးသွားခဲ့ပြီး နှစ်ပတ်ခန့်အကြာတွင် ပြုပြင်တည်ဆောက်မှုများ ပြီးစီးခဲ့ကာ ပြန်လည်အသုံးပြု ခွင့်ရခဲ့ခြင်းဖြစ်သည်။

“ ကော့ကရိတ်ကနေ မြဝတီအတက်ဘက်ကို အိမ်စီးကား၊ လူစီးခရီးသည်တင် ကားသေး၊ ၆ ဘီးကုန်တင်ကားသေး၊ ၁၂ ဘီးနဲ့ ၁၀ ဘီးခေါင်းတွဲကားတွေကိုပဲ လွှတ်ပေးသေးတာ။ တံတားကသေးတယ်။ နောက်မိုးရွာရင်လည်း မြေသားက ရုန်းဖို့ခက်မယ်။ အဲ့တော့ လမ်းကဖွင့်လိုက်ပေမယ့် ကုန်စည်သွားလာရေး မြန်ဆန်နိုင်ခြင်းမရှိသေးပါဘူး။” ဟု ကုန်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။

မြဝတီ၌လည်း ကုန်ပစ္စည်းများတင်ဆောင်ရန် ကုန်ကားများလိုအပ်နေပြီး ရှိနေသည့်ကားများမှာလည်း ကုန်အပြည့်တင်ဆောင်ပြီးသား ကားများသာဖြစ်နေကြောင်း ကုန်တင်ယာဥ် မောင်းများထံမှ သိရသည်။

“ ကုန်သည်တွေက ကားခဈေးတောင်မစစ်ဘဲ တင်တာတောင်၊ တင်စရာကားကို မရှိတာ။ လမ်းကြောင်းဖွင့်ပေမယ့်လည်း ကုန်စည်စီးဆင်းမှုက ကြာအုံးမှာပါ။ လမ်းဟောင်းကလဲ ပိတ်ထားတယ်ပြောတယ်။” ဟု ကုန်တင်ယာဥ်မောင်းတစ် ဦးက ပြောသည်။

ယနေ့ သြဂုတ် ၃၀ ရက်တွင် အဆိုပါ ဘေလီတံတားသစ်ရှိရာ အာရှလမ်းပိုင်း၌ ယာဥ်အစီးရေ ရာချီပိတ်ဆို့နေပြီး လမ်းဟောင်းမှာလည်း ပိတ်ထားကြောင်း ဒေသခံများက ဆိုကြ သည်။

ထိုယာဥ်ကြောပိတ်ဆို့မှုကို အမြန်ဆုံးဖြေရှင်းနိုင်ရန် ဘေလီတံတားဘေး၌ ယာဥ်ငယ်များသီးသန့် သွားလာရန် တံတားဘေးလမ်း ဖောက်လုပ်ပေးမည်ဟု သတင်းများထွက်ပေါ်လျက် ရှိသည်။

ဂျူဂျူး

ဓာတ်ပုံ – ချမ်းမြေ့

#ယနေ့ခေတ်

အာရှလမ်း ပြန်လည်ဖွင့်လှစ်သော်လည်း ကုန်စည်စီးဆင်းမှု ပုံမှန်မဖြစ်သေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.