ရန်ကုန်၊ သြဂုတ် ၁၆
ယခုလသည် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရသည့် နောက်ဆုံးလဖြစ်သော်လည်း လမ်းပန်ဆက်သွယ်ရေး အခက်အခဲများကြောင့် ပြောင်းကုန်သည်များ ယခု ရာသီ၌ အရှုံးပေါ်နိုင်သည်ဟု ပြောင်းကုန်သည်များထံမှ သိရသည်။
ပြောင်းတင်ပို့ရာတွင် အဓိကအသုံးပြုသည့် ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း၌ ရာသီဥတုကြောင့် လမ်းပိုင်ပျက်စီးမှုအချို့ ရှိခဲ့၍ အာရှလမ်းအသုံးပြုမှုရပ်ထားရခြင်း ကြောင့် ပြည်တွင်း၌ ပြောင်းလက်ကျန်များကာ အရှုံးပေါ်နိုင်ခြင်းဖြစ်ကြောင်း ပြောင်းကုန်သည်တစ်ဦးကပြောသည်။
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရသည်မှာ ဖေဖော်ဝါရီလမှ သြဂုတ်လကုန်အထိ ၇ လသာအချိန်ရှိပြီး ယခုလသည် အခွန်လွတ်ဖြင့် ပြောင်းတင်ပို့ရန် နောက်ဆုံး လဖြစ်နေကာ အကြောင်းအမျိုးမျိုးကြောင့် တင်ပို့ရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။
“ အဓိက ဒီအချိန်က ထိုင်းကိုတင်ရမယ့်အချိန် တစ်လပဲကျန်တော့တယ်။ နှစ်စဥ် ကုန်သွယ်မှုအချိုးအရပြောရင် နောက်ဆုံးတင်ပို့ခွင့်ကာလမှာ တင်ပို့ခွင့်မရတဲ့ အခြေအနေဖြစ်တဲ့ အတွက် ဒါတွေကပြည်တွင်းလက်ကျန်အဖြစ် ကျန်တယ်။ ပြည်တွင်းမှာရှိတဲ့ ဈေးကွက်ဈေးနှုန်းက ကျသွားတယ်။ ပြောင်းကုန်သည်တွေမှာ အရှုံးပေါ်ကိုပေါ်ပါတယ်” ဟု ပြောင်း တင်ပို့ရောင်းချနေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရာသီဥတုကြောင့် အာရှလမ်းပိုင်းမှာ ပျက်စီးမှုများရှိနေပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းအသုံးပြုခွင့်ပိတ်ထားသဖြင့် ပို့ရန် ခက်ခဲနေသည့် ကုန်စည်များအား အခြားနယ်စပ်ကုန်သွယ်ရေး မည်သည့်ဂိတ်ပေါက်မှမဆို ပို့ဆောင်ခွင့်ပြုထားသော်လည်း အခက်အခဲများရှိနေသေးကြောင်း သိရသည်။
“ လောလောဆယ်တော့ မြဝတီ Border Trade (နယ်စပ်ကုန်သွယ်ရေး)ကနေသွားရမယ့် ပို့ကုန်လိုင်စင်အားလုံးကို အခြားနယ်စပ်ထွက်ပေါက်အားလုံးကို ထွက်ခွင့်ပေးထားတယ်။ အရင်ကတော့ မြဝတီဆို မြဝတီပဲ။ တာချီလိတ်ဆို တာချီလိတ်ပဲလေ။ မြဝတီကိုတင်ဖို့ ကျပြီးသားပို့ကုန်လိုင်စင်အားလုံးကို ဘယ်နယ်စပ်ထွက်ပေါက်ကမဆို ထွက်ခွင့်ပြုထားတယ် ကုန်ကျစရိတ်ထက် ပိုများတဲ့အခက်အခဲရှိတယ်။ ရှမ်းမြောက်က ဒီဘက်ကိုဆင်းလို့ရပေမယ့် တာချီလိတ်ကိုပဲ သွားရမယ်ဆိုရင် အဲ့လမ်းက တွဲကားတွေသွားလို့မရဘူး။ ၁၈ တန်ထိ ကားကြီးတွေပဲ လက်ခံတယ်။ အဲ့ဒီ impact (အကျိုးဆက်) တွေတော့အများကြီးရှိတာပေါ့။ တော်တော်ခက်ခဲနေတယ်” ဟု ကုန်သည်တစ်ဦးကပြောသည်။
ထိုင်းနိုင်ငံသို့တင်ပို့နိုင်ရန် ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ပြည်တွင်းလက်ကျန် ပြောင်းတန်ချိန် သုံးသိန်းခန့်ရှိနိုင်ပြီး နှစ်စဥ် ၇ လတာ ကုန်သွယ်မှုကာလအတွင်း ပြောင်းတန်ချိန် တစ်သန်းခွဲခန့် တင်ပို့ခဲ့ကြောင်း သိရသည်။
ယခုနှစ် ကုန်သွယ်မှုကာလ၏ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်ထိ ပြောင်းတန်ချိန် ၁ သန်းနှင့် ၇ သောင်းကျော် တင်ပို့ပြီးကြောင်း စာရင်းဇယားအရသိရပြီး ယခုနှစ်၏ ပြောင်းတင် ပို့ကာလ၌ ကုန်သည်များအရှုံးပေါ်နေကြကြောင်း ပြောင်း ကုန်သည်အသင်းမှ သိရသည်။
သြဂုတ် ၇ ရက်တွင် ရာသီဥတုကြောင့် လမ်းမြေပြိုကျပျက်စီးသွားခဲ့သည့် အာရှလမ်းပိုင်အား ဘေလီတံတားထိုးခြင်း လုပ်ငန်းများလုပ်ဆောင်နေပြီး ယာဥ်ငယ်များသွားလာနိုင်ရန် အတွက် ဘေးရှောင်လမ်း ဖောက်လုပ်နေကြောင်း သိရသည်။
အဆိုပါ ပျက်စီးသွားသည့်လမ်းပိုင်းအား မော်တော်ယာဥ်များ ယာယီသွားလာနိုင်ရန် ဘေလီတံတားထိုးခြင်းနှင့် ဘေးရှောင်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများအား သြဂုတ် ၁၀ ရက် မှစတင်ကာ ဆောက်လုပ်နေပြီး တစ်လအတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက နိုင်ငံပိုင်သတင်းစာတွင် ဖြေကြားထား သည်။
ဂျူဂျူး
အာရှလမ်းအခက်အခဲကြောင့် ထိုင်းသို့ ပြောင်းတင်ပို့သူများ အရှုံးပေါ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်