ရန်ကုန်၊ သြဂုတ် – ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းပေါ်၌ မြေပြိုမှုနှင့် လမ်းပျက်ဆီးပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့ကြောင်း သိရ သည်။
ယနေ့ သြဂုတ် ၇ ရက်၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်း၊ တောနော်ရေတံခွန်အနီး၊ မိုင်တိုင်အမှတ် ၁၄၉ နှင့် ၁၅၀ အကြားနေရာ၌ အကျယ် ၃၃ ပေ၊ အရှည် ၁၅၀ ပေခန့်ရှိသည့် ကတ္တရာခင်းလမ်း ပဲ့ကျပျက်စီးသွားခဲ့ပြီး မည်သည့်ကားမျှ ဖြတ်သန်းမရတော့ကြောင်း သိရသည်။
“အာရှလမ်းမကြီး တောနော်ရေတံခွန်နား မိုးအဆက်မပြက်ရွာသွန်းတာကြောင့် လမ်းပြိုကျတာ။ လမ်းဟောင်းဖက်ကသွားရတော့မယ်ထင်တယ်။ မိုးကလည်းဆက်တိုက်ရွာနေ တော့ တောင်ပေါ်ကမြေပြိုကျတာက ဖယ်လို့ရသေးတယ်၊ အခုက လမ်းပါပျက်စီးသွားတာ၊ ဘယ်သူမှသွားမရတော့ဘူး။ ပြန်ပြင်ဖို့က ကြာအုံးမယ်။ အခုအကုန် တက်တဲ့လမ်းအ တိုင်းပြန်ဆင်းနေရပြီ” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ယမန်နေ့ ဩဂုတ် ၆ ရက်၊ နံနက် ၆ ခွဲတွင် မြဝတီ-ကော့ကရိတ်၊ အာရှလမ်း၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ် (၁၅၄/၁၅၅) အကြား၌ ကားလမ်းဘေး တောင်ကမ်းပါး မြေ ပြိုမှုဖြစ်ကာ ကားလမ်းပေါ်၌ ပေ ၆၀ ခန့်ရှိသည့် မြေစာပုံကြောင့် ယာဉ်များသွားလာ၍မရတော့ဘဲ လမ်းပိတ်ဆို့ခဲ့ပြီးနောက် အနီးအနားရှိနေသူများမှ ဖယ်ရှားရှင်းလင်း၍ နံနက် ၁၀ နာရီခွဲတွင် ယာဉ်များသွားလာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာရှလမ်းပိုင်း မြေပြိုမှုသည် တစ်နေရာတည်းဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ အာရှလမ်းပေါ်ရှိ ကားလမ်းတစ်နေရာ၌ မြေပြိုကျ၍ လမ်းပျက်စီးမှုထပ်မံဖြစ်ပွားခဲ့သေးကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
“အာရှလမ်းပေါ်မှာက သုံးနေရာလောက်ရှိတယ်အခုဖြစ်တာ။ အိမ်စီးကားတစ်စီးတောင် တောင်ကြားထဲမှာပိနေတယ်တဲ့ ပုံတွေတွေ့ရတယ်။ မိုးကအရမ်းရွာနေတယ်၊ အခုလိုမျိုးနဲ့ ဆိုရင်မလွယ်လောက်ဘူး။ ပြုပြင်ရမယ့်အချိန်ကတော့ အနေအထားကြည့်ရအုံးမယ်။ လောလောဆယ် မြဝတီမှာပဲ ရပ်ထားရတယ်” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြော သည်။
အဆိုပါ မြဝတီ အာရှလမ်းပိုင်းသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ရာသီဥတု၏ဆိုးရွားသည့် အခြေအနေကြောင့် လမ်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ကုန်စည်စီးဆင်းမှု ခက်ခဲသွားခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – မိုးသိန်း၊ ပုလဲဖြူ
အာရှလမ်းပေါ် ကားလမ်းမြေပြိုမှုဖြစ်၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်