ရန်ကုန်၊ ဩဂုတ် ၆
ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ကော့ကရိတ်မြို့တို့အကြား အာရှလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက ကားလမ်းဘေး တောင်ကမ်းပါးယံမှ မြေပြိုကျမှုဖြစ်ပွား၍ ကားများသွားလာ၍ မရဘဲ ယာဉ်ပိတ်ဆို့မှုဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ် ၆ ရက်၊ ယနေ့နံနက် ၆ ခွဲအချိန်က အာရှလမ်းပေါ် ၊ မြဝတီနှင့် ကော့ကရိတ်အကြားရှိ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ် (၁၅၄/၁၅၅) အကြားတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ကားလမ်းဘေး တောင်ကမ်းပါးယံမှ မြေပြိုမှုဖြစ်ကာ ပေ ၆၀ ခန့်ရှိသော မြေစာများ ကားလမ်းပေါ် ပိတ်မိ၍ ကားများသွားလာ၍ မရတော့ဘဲ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။
“ မြေပြိုတာများတယ်။ လမ်းတစ်ခြမ်းကျော်ဖုံးနေတယ်။ ကားလေး၊ ငါးစီး သွားလာလို့ရတဲ့လမ်းက ကားတစ်စီးစာလောက်ဘဲ သွားလို့ ရတော့တယ်။ အန္တရာယ်လည်း တော်တော် များတယ်။” ဟု ဒေသတွင်းအခြေစိုက် ပုလဲဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြေပြိုမှုကြောင့် ယာဉ်များသွားလာ၍ မရတော့ဘဲ လမ်းပိတ်ဆို့ခဲ့ပြီးနောက် အနီးအနားရှိနေသူများက ဖယ်ရှားရှင်းလင်း၍ ယနေ့နံနက် ၁၀ နာရီခွဲတွင် ယာဉ်အနည်းငယ် ပြန်လည် သွားလာနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ခုနကမှ ကားတစ်စီးလောက်လွတ်ရုံ မြေတွေကိုဖယ်လို့ရတယ်။ အခု အဆင်းကားတွေတော့ ဝင်လာတယ်။ အတက်ကားတွေတော့ မလွတ်သေးလို့ ပိတ်နေတယ်” ဟု အဆိုပါဒေ သခံက ပြောသည်။
အဆိုပါ အာရှလမ်းမှာ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းတွင် အရေးပါသည့်လမ်းဖြစ်၍ ယာဉ်ပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးမည်ကို စိုးရိမ်မှုများရှိကြောင်း ဒေသခံ များက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြဝတီမြို့အနီးရှိ အာရှလမ်းပေါ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ရေဝင်ရောက်ခဲ့၍ ကားများသွားလာရ ခက်ခဲခဲ့ကြောင်း သိရသည်။
မောင်ဇော်
Photo – CJ , PAN
အာရှလမ်းပေါ်၌ မြေပြိုမှုကြောင့် ယာဉ်များပိတ်ဆို့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်