မော်စကို၊ ဧပြီ ၂၈
ရုရှားနိုင်ငံသည် အာရှတိုက်အတွင်းရှိ မဟာမိတ်နိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆေင်ရွက်မှုများ တိုးချဲ့သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ရှိုဂူးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အာရှတိုက်အတွင်း အမေရိကန်နိုင်ငံ၏ ခြိမ်းခြောက်မှုများ မြင့်တက်လာနေခြင်းကြောင့် ရုရှားနိုင်ငံကလည်း အာရှတိုက်အတွင်း မဟာမိတ်နိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားဟု ၎င်းကပြောသည်။
ရုရှားကာကွယ်ရေးဝန်ကြီးသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုချိန်တွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက “ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ ဒေသအတွင်းမှာ စစ်ရေးအခြေခံအဆောက်အဦးတွေ တိုးချဲ့ဖြန့်ကြတ်ချထားမှုတွေ လုပ်ဆောင်နေတာကို လူတိုင်းလက်မခံနိုင်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့လုပ်ရပ်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးရဲ့ တည်ငြိမ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသလိုမျိုးဖြစ်တယ်။” ဟုပြောသည်။
ရုရှားကာကွယ်ရေးဝန်ကြီးက အမေရိကန်ဦးဆောင်သော QUAD အဖွဲ့၊ AUKUS အဖွဲ့တို့သည် အာရှပစိဖိတ်ဒေသရှိ လုံခြုံရေးဆိုင်ရာအခြေနေများကို ပုံစံပြောင်းလဲရန် ကြိုးပမ်းနေကြောင်း ပြောသည်။
အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့များသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဖိအားပေးရန် ကြိုးပမ်းမှုများ အရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
အမေရိကန်သည် အာရှ-ပစိဖိတ်ဒေသအတွင်းတွင် ထိုင်ဝမ်၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် ပိုင်နက်နယ်မြေအငြင်းပွားမှုများအပြင် မြောက်ကိုရီးယားအရေးကိစ္စများနှင့်ပတ်သက်ပြီး ပြီးခဲ့သောနှစ်ပိုင်းအတွင်း စစ်ရေးဆောင်ရွက်ချက်များ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် လက်ရှိအချိန်တွင် အာရှပစိဖိတ်ဒေသအတွင်း သြဇာလွမ်းမိုးနိုင်ရန် ယခင်ထက်ပိုမိုကြိုးပမ်းလာနေရာ တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုဖြစ်လာနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အာရှတိုက်အတွင်း မဟာမိတ်နိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည်ဟု ရုရှားစစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်