ဗီယန်ကျမ်း၊ ဇန်နဝါရီ ၂၉
လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံခြားရေးဝန်ကြီး ဌာနအမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် တက်ရောက်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက လာအိုနိုင်ငံတွင်ကျင်းပနေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် တက်ရောက်ခဲ့ကြောင်း အတည်ပြုပြောဆိုထားသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက “ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံရဲ့မူဝါဒတွေဟာ အပြောင်းအလဲရှိမှာမဟုတ်ဘူး။ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးအရ ကိုယ်စားမပြုသူကို တက်ရောက်ခွင့်ပေးခဲ့ပေမယ့် အာဆီယံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်မှုရှိလာမှာ မဟုတ်ဘူး။” ဟု ပြောသည်။
လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာအရေးကိစ္စနှင့် တောင်တရုတ်ပင်လယ်အရေးကိစ္စများကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဆီယံအဖွဲ့နှင့်ရရှိထားသော သဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်နိုင်ခြင်းမရှိသည့်အတွက် အာဆီယံအဖွဲ့က နစကအဖွဲ့ခေါင်းဆောင်များကို အစည်းအဝေးတက်ရောက်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နစကခေါင်းဆောင်များအစား နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ကမ္ဘောဒီးယားနှင့် အင်ဒိုနိးရှားနိုင်ငံတို့က တာဝန်ယူချိန်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ် စားပြုအဖြစ် ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူသည့် ၂၀၂၄ ခုနှစ်အတွင်းကျင်းပသော နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနှင့်မပတ်သက်သောသူကို ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ကောင်းထက်ငွေ
thestar.com.my
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် ဒေါ်မာလာသန်းထိုက် တက်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်