အသက်ပြည့်မီသည့် မည်သူမဆို စစ်မှုထမ်းရမည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၇

သတ်မှတ်ထားသည့် အသက်ပိုင်းခြားအရ ပြည့်မီသည့်မည်သူမဆို စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ဖော်ပြပါရှိသည်။

ပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် အမျိုးသားများသာမက အမျိုးသမီးငယ်များပါ စစ်မှုထမ်းရမည်ဖြစ်သည်။

အဆိုပါနည်းဥပဒေတွင်အခန်း(၁၀)ခန်းပါဝင်ကာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့နှင့် လက်အောက်ခံအဖွဲ့အဆင့်ဆင့်ကို လုပ်ပိုင်ခွင့်များပေးအပ်ထားကြောင်း နည်းဥပဒေတွင်ပါရှိသည်။

ထို့ပြင် ယခုထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားထားခြင်းမရှိဘဲ အသက်သတ်မှတ်ချက်ပြည့်မီသည့် လူငယ်ကျား-မ မရွေး စစ်မှုထမ်းရမည်ဖြစ်ပြီး ထွက်ပြေးပါက နေအိမ်တွင်ရှိသည့် မိသားစုဝင်များအရေးယူခံရမည်ဖြစ်ကြောင်း ဥပဒေပုဒ်မ(၃၃)၊ ပုဒ်မခွဲ(က)နှင့် (ခ)တွင် ဖော်ပြထားသည်။

“ အိမ်မှာက အငယ်ဆုံးတစ်ယောက်ပဲ သူတို့သတ်မှတ်ထာတဲ့ အသက်အရွယ်မှာ ပါနေတာပေါ့။ အသက်က ၂၅ နှစ် ရှိပြီ။ ဆင့်ခေါ်စာရောက်လာခဲ့ရင် ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ တစ်နေ့တစ်နေ့ ဒါပဲတွေးပူနေရတယ်။” ဟု တောင်ဥက္ကလာပမြို့တွင်နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူ၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူအမျိုး သမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသူကိုဆိုလိုကြောင်း ယခင်ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

အဆိုပါ နည်းဥပဒေတွင် ပုဒ်မ – ၅၉ ခုပါဝင်ပြီး ပုဒ်မ – ၅၁ တွင် အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေသို့ ထွက်ခွာခွင့်မရှိစေရဟု ဖော်ပြထားသလို ပုဒ်မ – ၅၀ တွင်လည်း ဆေးစစ်အောင်မြင်ပြီးသူများသည် စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုရန်၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးရန်၊ ရွှေ့ဆိုင်းပေးရန် လျှောက်ထားချိန် ဗဟိုအဖွဲ့၏ခွင့်ပြု မိန့်မရခင် ပြည်ပနိုင်ငံတွေသို့ ထွက်ခွာခွင့်မရှိစေရဟူ၍ ပြဋ္ဌာန်းထားသည်။

ထို့အပြင် လူငယ်များ စစ်မှုထမ်းရန်ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုမထမ်းရန် တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်ပျက်ကွက်သူ၊ တိမ်းရှောင်ရန်ကြိုးစားသူကိုကူညီပါက ထောင်ဒဏ် ၁ နှစ်ချမှတ်နိုင်ကြောင်း ယခင်ထုတ်ပြန်ပြီးဖြစ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

#စုစု

ဓာတ်ပုံ – ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲကျင်းပနေပုံ(MOI)

#ယနေ့ခေတ်

အသက်ပြည့်မီသည့် မည်သူမဆို စစ်မှုထမ်းရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.