ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၀
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသည် ပြီးခဲ့သောရက်ပိုင်းက နိုင်ငံအတွင်းရှိ အလှပြင်ဆင်ဆိုင်နှင့် အနှိပ်ခန်းများကို စီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် မလေးရှား နိုင်ငံအတွင်း တရားမဝင်နေထိုင်နေသည့် နိုင်ငံခြားသား ၆၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ အထူးတပ်ဖွဲ့ဝင်များသည် အလှပြင်ဆိုင်နှင့် အနှိပ်ခန်းစုစုပေါင်း ၇ ခုကို စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ မလေးရှားနိုင်ငံတွင်း တရားမဝင်နေထိုင်လုပ်ကိုင် ခွင့်မရှိသည့် နိုင်ငံခြားသားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသော နိုင်ငံခြားသားများထဲတွင် မြန်မာနိုင်ငံသား ၃၄ ဦး၊ အင်ဒိုနိးရှားနိုင်ငံသား ၁၄ ဦး၊ ဗီယက်နမ်အမျိုးသမီး ၁၆ ဦး၊ ဖိလစ်ပိုင်အမျိုးသား တစ်ဦးနှင့် ပါကစ္စတန်နိုင်ငံသား တစ်ဦးတို့ပါဝင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃၄ ဦးထဲတွင် အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ပါဝင်ခဲ့ပြီး၊ အသက် ၁၉ နှစ်နှင့် အသက် ၄၂ နှစ်အရွယ်ရှိနေကြောင်း သိရသည်။
မလေးရှားအာဏာပိုင်များသည် အဆိုပါ အလှပြင်ဆိုင်နှင့် အနှိပ်ခန်းများကို စီးနင်းရှာတွင် ပိုင်ရှင်ဖြစ်သည့် မလေးရှားနိုင်ငံသားတစ်ဦးနှင့် အသက် ၃၁ နှစ်အရွယ်ရှိ ဗီယက်နမ်အမျိုး သမီးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက စီးနင်းခဲ့သောနေရာ ၇ ခု၏ တစ်လဝင်ငွေစုစုပေါင်းက မလေးရှားရင်းဂစ် ၄ ဒသမ ၂ သန်းကျော်ရှိနေကြောင်း ဆိုသည်။
ဖမ်းဆီးရမိသည့် နိုင်ငံခြားသား ၇၀ နီးပါးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင်ထားပြီး မလေးရှားနိုင်ငံ Setia Tropika လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း ရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။
ကောင်းထက်ငွေ
malaymail.com
#ယနေ့ခေတ်
အလှပြင်ဆိုင်နှင့် အနှိပ်ခန်းများကို စီးနင်းချိန်အတွင်း မြန်မာနိုင်ငံသား ၃၄ ဦးအပါအဝင် နိုင်ငံခြားသား ၇၀ နီးပါး ဖမ်းဆီးရမိခဲ့ဟု မလေးရှားအာဏာပိုင်များ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်