အလံဖြူထောင်ပြီး ရုရှားနှင့်စေ့စပ်ဆွေးနွေးရန် ပုပ်ရဟန်းမင်းကြီးတောင်းဆိုမှုကို ယူကရိန်းအစိုးရ ငြင်းဆန်

ကိဗ်၊ မတ် ၁၂

ယူကရိန်းနိုင်ငံသည် စစ်ပွဲအဆုံးသတ်နိုင်ရန်အတွက် အလံဖြူထောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန် ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုချက်တွေကို ငြင်းဆန်လိုက်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးက အတိတ်ကဖြစ်ခဲ့သော အမှားမျိုးကို ထပ်မံမလုပ်ဆောင်ဘဲ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမမှုများ လုပ်ဆောင်သင့်ကြောင်း ပြီးခဲ့သောရက်ပိုင်းက တိုက်တွန်းခဲ့သည်။

သို့သော်လည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ရုရှားနှင့်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့သော ပုပ်ရဟန်းမင်းကြီး၏ ပြောဆိုချက်များက မှားယွင်းကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက “ အလံဖြူထောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြိးက တောင်းဆိုခဲ့တယ်။ ဗာတီကန်နန်းတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ပုပ်ရဟန်း မင်းကြီး Pius XII လုပ်ဆောင်ခဲ့တဲ့ ကြားနေမူဝါဒကို လုပ်ဆောင်သင့်တယ်။ ကျွန်တော်တို့ ယူကရိန်းနိုင်ငံရဲ့အလံဟာ အဝါရောင်နဲ့ အပြာရောင်ရောစပ်ထားတဲ့ အလံသာဖြစ်တယ်။ ဒီအလံဟာ ယူကရိန်းနိုင်ငံသားတွေ ရှင်သန်၊ သေဆုံးခြင်းနဲ့ အောင်နိုင်စေတဲ့ အလံမျိုးဖြစ်တယ်။ ကျွန်တော်တို့ဟာ အခြားအလံတွေကိုထောင်မှာမဟုတ်ဘူး။” ဟု ပြောသည်။

ပုပ်ရဟန်းမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အင်တာဗျူးသူက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခြင်းကို အလံဖြူဟုတင်စားပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးသည် ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး၊ အညံခံခိုင်းခြင်းမဟုတ်ကြောင်း ပုပ်ရဟန်းမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပုပ်ရဟန်းမင်းကြီးသည် ငြိမ်းချမ်းရေးနှင့် သံတမန်နည်းလမ်းအတွက် အခြေနေကောင်းများ ဖန်တီးနိုင်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန်အတွက် တောင်းဆိုခဲ့ခြင်းသာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး၏ ပြောဆိုခွင့်ရှိသူကထပ်မံပြောဆိုခဲ့သည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသောစစ်ပွဲသည် သုံးနှစ်အတွင်းကို ရောက်ရှိလာချိန်တွင် နှစ်ဖက်ကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခြင်းမျိုးမရှိဘဲစစ်ပွဲစတင်ချိန် အစောပိုင်းကာလကတစ်ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

aljazeera.com/news

အလံဖြူထောင်ပြီး ရုရှားနှင့်စေ့စပ်ဆွေးနွေးရန် ပုပ်ရဟန်းမင်းကြီးတောင်းဆိုမှုကို ယူကရိန်းအစိုးရ ငြင်းဆန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.