ဆိုးလ်၊ မတ် ၁၇
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြပွဲများအရှိန်မြင့်တက်နေချိန်တွင်တောင် ကိုရီးယား ဝါရင့်ဆရာဝန်များအုပ်စုသည် မတ်လ ၂၅ ရက်နေ့တွင် ၎င်းတို့ ရာထူးမှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
တောင်ကိုရီးယားအစိုးရက နိုင်ငံအတွင်းဆရာဝန်အရေအတွက် တိုးမြှင့်ခန့်ထားနိုင်ရန် ဆေးတက္ကသိုလ်ဝင်ခွင့်အရေအတွက်ကိုတိုးမြှင့်ရန် စီစဉ်လာခဲ့ပြီးနောက်ပိုင်း အလုပ်သင်ဆရာဝန်များကဦးဆောင်ပြီး ဆန္ဒပြခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုသည် သီတင်းသုံးပတ်ကြာမြင့်နေပြီဖြစ်ရာ ဆေးရုံများတွင် ဆရာဝန်များမရှိသည့်အတွက် လူနာများကို ပြုစုကုသရန် အခက်ခဲဖြစ်နေကြောင်း သိရသည်။
အလုပ်သင်ဆရာဝန်များက ၎င်းတို့သည် ပရော်ဖက်ရှင်နယ်ဆရာဝန်ဘဝကို စောစီးစွာဝင်ရောက်ပြီး လုံလောက်သည့် လစာမရသလို အလုပ်ကိုလည်း ပိုမိုလုပ်ကိုင်နေရကြောင်းဝေဖန်ပြစ်တင်ခဲ့သည်။
တောင်ကိုရီးယားအစိုးရသည် ဆန္ဒပြနေသည့် အလုပ်သင်ဆရာဝန်များကို အလုပ်ခွင်ပြန်ဝင်ရန် တောင်းဆိုထားပြီး၊ လုပ်ငန်းခွင်ပြန်မဝင်သော ဆရာဝန်များကို ဆေးကုသခွင့်လိုင်စင် ဆိုင်းငံ့ခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံရှိ အထွေထွေဆေးရုံကြီးများတွင် ဝါရင့်ဆရာဝန်များအဖြစ် လုပ်ကိုင်နေသည့် တက္ကသိုလ်ပေါင်း ၂၀ ကိုကိုယ်စားပြုသော ဆေးဘက်ဆိုင်ရာ ပါမောက္ခအဖွဲ့က ပြီးခဲ့သောရက်ပိုင်းတွင် အစည်းအဝေးလုပ်ဆောင်ခဲ့ပြီး အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုများကို အားပေးထောက်ခံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆေးဘက်ဆိုင်ရာပါမောက္ခအဖွဲ့ ခေါင်းဆောင်ဖြစ်သူက ၎င်းတို့သည်လည်း အလုပ်မှနုတ်ထွက်စာတင်သွားမည်ဖြစ်ပြီး လာမည့်မတ်လ ၂၅ ရက်နေ့တွင် အလုပ်နုတ်ထွက်စာတင်သွားမည်ဖြစ်ကြောင်း ပြောသည်။
အလုပ်မှနုတ်ထွက်စာတင်သွားမည်ဖြစ်သော်လည်း ဆရာဝန်တစ်ဦးချင်းစီက လူနာများကို သီးခြားနေရာများတွင် ကုသပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဝါရင့်ဆရာဝန်များ နုတ်ထွက်မည်ဟု သတင်းထုတ်ပြန်ထားသော်လည်း မတ်လ ၂၅ ရက်နေ့တွင် ဝါရင့်ဆရာဝန် မည်မျှနှုတ်ထွက်မည်ဆိုသောအချက်ကို အတိအကျ သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုကို ထောက်ခံကြောင်းပြသမှုအဖြစ် တောင်ကိုရီးယား ဆေးဘက်ဆိုင်ရာပါမောက္ခများ ရာထူးမှနုတ်ထွက်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်