အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုများကို တားဆီးမည်ဟု အမေရိကန်စစ်ဘက် ဆို

ပင်တဂွန်၊ ဧပြီ ၁၇

အီရန်၏တိုက်ခိုက်မှုမှ အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးမည်ဖြစ်သော်လည်း အရှေ့အလယ်ပိုင်းဒေသအတွင်း နောက်ထပ်မတည်ငြိမ်မှုများ ဖြစ်လာခြင်းမျိုးကို တားဆီးသွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အီရန်သည် ပြီးခဲ့သော ဧပြီ ၁၃ ရက်နေ့တွင် အစ္စရေးနိုင်ငံကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အီရန်နိုင်ငံကပစ်ခတ်လိုက်သော ဒုံးကျည်များနှင့် ရာနှင့်ချီသော ဒရုန်းများကို အစ္စရေးပိုင်နက်အတွင်းမရောက်ခင် ကြားဖြတ်ပစ်ချခဲ့ကြောင်း သိရသည်။

သို့သော်လည်း အမေရိကန်အစိုးရက ၎င်းတို့သည် အီရန်နိုင်ငံနှင့် ပဋိပက္ခဖြစ်လာစေရန် လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောသည်။

အစ္စရေးသည် အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်လိုသော်လည်း မဟာမိတ်နိုင်ငံများ၏ ဖိအားပေးခြင်းကို ရင်ဆိုင်နေရကြောင်း သိရသည်။

မဟာမိတ်နိုင်ငံများက အီရန်နိုင်ငံကို သည်းခံချုပ်တည်းရန်နှင့် ဒေသတွင်းတင်းမာမှုများ ထပ်မံမဖြစ်လာစေရန် တိုက်တွန်းပြောဆိုနေကြောင်း သိရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးသည် ပြီးခဲ့သောရက်ပိုင်းတွင် အစ္စရေးကာကွယ်ရေးဝန်ကြီးအပြင် ဘာရိန်းနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အီရန်နိုင်ငံကို တုံ့ပြန်တိုက်ခိုက်မည့် အစ္စရေးနိုင်ငံ၏အစီအစဉ်များထဲတွင် ပါဝင်မည်မဟုတ်ကြောင်း ပြီးခဲ့သောရက်ပိုင်းက သတိပေးထားသည်။

အမေရိကန်စစ်ဌာနချုပ်က အမေရိကန်နိုင်ငံအနေဖြင့် အီရန်၏တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများဖြစ်အောင် ကြိုးပမ်းမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း အမေရိကန်စစ်သားများနှင့် အစ္စရေးနိုင်ငံသားများကို ကာကွယ်ပေးနိုင်ရန် ဆက်လုပ်လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။

အီရန်နိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံကို ဆန့်ကျင့်တိုက်ခိုက်ရန် သင့်၊ မသင့်ဆိုသောအချက်ကို ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ထပ်မံပြောဆိုခဲ့သည်။

ကောင်းထက်ငွေ

အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်မှုများကို တားဆီးမည်ဟု အမေရိကန်စစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.