အရှေပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံတရားစွဲဆို

ရန်ကုန်၊ စက်တင်ဘာ ၁၈

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဖြစ်သူ မဆုရည်လင်းအား ယခု စက်တင်ဘာလအတွင်း ၅၀-ညဖြင့် ထပ်မံတရားစွဲဆိုလိုက်ကြောင်း တရားရုံးနှင့်နီးစပ် သည့်အသိုင်းအဝိုင်းမှ သိရသည်။

စက်တင်ဘာ ၈ ရက်နှင့် ၁၄ ရက်တို့တွင် မဆုရည်လင်းအား ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် အရှေ့ပိုင်းခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-ည ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် မဆုရည်လင်းအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်ကို ထောင်တွင်းတရားရုံး၌ ချမှတ်ခဲ့ပြီး ၁ နှစ်နှင့် ၆ လနီးပါးအကြာတွင် ထပ်မံတရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ ယခုကဲ့သို့ ဖမ်းဆီးထောင်ချခြင်း၊ တရားစွဲဆိုနေခြင်းသည် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် အကြမ်းမဖက်ပါဝင်လှုပ်ရှားနေကြသည့် ကျောင်းသားထုတစ်ရပ်လုံးကို ဖိနှိပ်မှုသာ ဖြစ်သည်ဟု ရူ့မြင်ကြောင်း” ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂရုံးမှ ကြေညာချက်ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်မှစတင်ကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် အခြားပြည်နယ်နှင့်တိုင်းများမှ ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်သည် အကျဥ်း ထောင်အသီးသီးတွင် ဖမ်းဆီးခံထားရပြီး အချို့ မှာ ပြစ်ဒဏ်အမိန့် ချခံထားရသူများရှိရာ သေဒဏ်အထိ ချမှတ်ခံထားရမှုများလည်းရှိကြောင်း ပြုစုထားသည့် အချက်အလက်မှတ် တမ်းများအရ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

အရှေပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံတရားစွဲဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.