ရန်ကုန်၊ သြဂုတ် ၈
ဆန်ဈေးနှုန်းများမြင့်တက်နေသဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အရံဆန်များရောင်းချပေးနေသော်လည်း ဆန်လက်ကားဈေးမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း မြန် မာနိုင်ငံဆန်စပါးကုန်သည်အသင်း၏ နေ့စဥ်ထုတ်ပြန်ချက်အရ သိရသည်။
“ အရံဆန်ရောင်းမယ်လို့ ပြီးခဲ့တဲ့လကုန်ပိုင်းက ကြေညာတယ်လေ အဲ့မှာလက်ကားဈေးက တစ်သိန်း နှစ်သောင်းဖြစ်နေပြီ။ ထုတ်ရောင်းတဲ့နေ့မှာ တစ်သိန်း သုံးသောင်း ငါးထောင် ဖြစ်သွားတယ်။ လက်ကားဈေးတက်နေတော့ လက်လီဈေးကို ထိန်းပြီးရောင်းလာရတယ်။ အခုဆန်တစ်အိတ်ကို လက်လီဈေး တစ်သိန်း ငါးသောင်း ငါးထောင်ဝန်းကျင်” ဟု ဆန်၊ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က ဆန်လက်ကားဈေး၏ အမြင့်ဆုံးဈေးမှာ တစ်သိန်း တစ်သောင်း ငါးထောင်ကျပ်ဖြစ်ခဲ့ရာမှ သြဂုတ် ၇ ရက်၏ ဆန်လက်ကားအမြင့်ဆုံးမှာ တစ်သိန်း သုံးသောင်း ငါးထောင်ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။
သြဂုတ် ၇ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဝါးတန်းဆန်ကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ကုန်စည်ဒိုင်တို့၌ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထဆန်အမျိုးအစားများကို အိတ်ရေငါးသောင်းထိ ရောင်းချပေးခဲ့ပြီး ဝယ်ယူသူများပြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆန်အမျိုးအစားအလိုက် လက်ကားဈေးနှုန်းများ ထုတ်ပြန်ခဲ့ရာ ရွှေဘိုပေါ်ဆန်းဆန် အမျိုးအစားများမှာ ၁၀၀,၀၀၀ ကျပ်မှ ၁၃၅,၀၀၀ ကျပ်ကြား၊ ဧရာဝတီတိုင်းအတွင်းထွက်ရှိသည့် ပေါ် ဆန်းမွှေးဆန် အမျိုးအစားများမှာ ၉၄,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်ကြား၊ ဧည့်မထဆန် အမျိုးအစားမှာ ၆၇,၀၀၀ ကျပ်ဝန်းကျင်၊ ငစိန်ဆန် အမျိုးအစားမှာ ၆၅,၀၀၀ ကျပ်မှ ၆၇,၀၀၀ ကျပ်ကြားဈေးရှိကြောင်း သိရသည်။
ပြင်ပ လက်လီဈေးကွက်အတွင်း ဆန်တစ်ပြည် ခြောက်ထောင့်ငါးရာကျပ်ထိ ရောင်းချနေကြပြီး ပေါ်ဆန်းမွှေး အိုးဝင်ထူးထူးရှယ် ၂၄ ပြည် တစ်အိတ်လျှင် ၁၄၈,၀၀၀ ကျပ်မှ ၁၅၅,၀၀၀ ကျပ်ထိပေါက်ဈေးရှိပြီး၊ ကြားပျံရှယ် တစ်အိတ်လျှင် ၁၁၀,၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘို မဂျမ်းတောထူးထူးရှယ် ၂၄ ပြည်တစ်အိတ်လျှင် ၁၄၀,၀၀၀ ကျပ်ဝန်းကျင်၊ မြောင်းမြပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်လျှင် ၁၁၂,၀၀၀ ကျပ်ဝန်းကျင်၊ ဆင်းသွယ် ၂၄ ပြည်တစ်အိတ်လျှင် ၈၉,၀၀၀ ကျပ်ဝန်းကျင်၊ မနောသုခ ၂၄ ပြည်တစ်အိတ်လျှင် ၈၄,၀၀၀ ကျပ်ဝန်းကျင် စသည့်ဈေးနှုန်းများဖြစ်ကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရှိရသည် ။
ဆန်ဈေးနှုန်းများမှာ နေစဥ်မြင့်တက်လျက်ရှိပြီး ဝယ်ယူစားသုံးသူများအဆင်ပြေစေရန် အရောင်းကိုယ်စားလှယ်များမှ ဈေးနှုန်းများထိန်းညှိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – ဆန်စပါးကုန်သည်အသင်း/CC
#ယနေ့ခေတ်
အရန်ဆန်များထုတ်ရောင်းနေသော်လည်း ဆန်လက်ကားဈေး ဆက်လက်မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်