ရန်ကုန်၊ အောက်တိုဘာ ၁၉
ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်မတော်တဆမှုကြောင့် ကိုးလအတွင်း သေဆုံးသူ ၇၀ ဦးရှိပြီး ယခင်နှစ်ထက် သေဆုံးသူဦးရေ ပိုမိုများပြားလာကြောင်း အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ သိရသည်။
ယခင် ၂၀၂၂ ခုနှစ်အတွင်းက ယာဉ်မတော်တဆမှု ၁၂၄ မှုဖြစ်ခဲ့ပြီး သေဆုံးသူ ၄၅ ဦးရှိခဲ့ကာ ယခုနှစ်တွင် ယာဉ်မတော်တဆမှု ၁၂၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၀ ဦးထိရှိခဲ့ရာ ဒဏ်ရာရရှိသူ ၂၄၅ ဦးရှိခဲ့ကြောင်း သိရသည်။
“အမြန်လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်တာ ယဉ်မောင်းပေါ့ဆတာလည်းပါတယ်။ ခရီးအဝေးကြီးသွားထားတဲ့ကားရဲ့ကြံ့ခိုင်မှု သေချာမစစ်ထားဘူး။ နောက်တစ်ခုက အမြန်လမ်းက နှစ်ကြာလာတော့ တစ်ချို့ ပျက်စီးနေတဲ့ လမ်းပိုင်းတွေကြောင့်လည်းပါတယ်။ ဒီလထဲမှာတော့ ပဲခူး၊ ဘောနတ်ကြီးဘက်မှာ အိမ်စီးကားတစ်စီးမှောက်ပြီး လူသေသွားတာတွေ ရှိ တယ်။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုနှစ် ကိုးလအတွင်း အမြန်လမ်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် ယာဉ်မတော်တဆမှု ၃၆၃၄ မှု၊ ဒဏ်ရာရရှိသူ ၄၉၉၃ ဦးနှင့် သေဆုံးသူ ၁၈၆၄ ဦးရှိပြီး ရှမ်းပြည်နယ်နှင့် မကွေးတိုင်းတိုင်းတို့တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေသည် ယခင်နှစ်ထက် ပိုမိုလာကြောင်း သိရသည်။
ယာဉ်မတော်တဆမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၁ ဒဿမ ၃၅ သန်း သေဆုံးနေပြီး ၂၃ စက္ကန့်လျှင်တစ်ဦးနှုန်း သေဆုံးခြင်းဖြစ်ကြောင်း၊ နှစ်စဉ် ဒဏ်ရာရရှိသူဦးရေ သန်း ၅၀ ကျော်ရှိပြီး ၁၀ သန်းကျော် မသန်စွမ်းဖြစ်ကြောင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပေးချက်များအရ သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – အမြန်လမ်းမီးသတ်တပ်ဖွဲ့
အမြန်လမ်း၌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ယခင်နှစ်ထက် ပိုများလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်