ရန်ကုန်၊ နိုဝင်ဘာ ၈
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်၌ ယာဉ်တစ်စီးတိမ်းမှောက်ပြီး ယာဉ်မောင်းနှင်လာသည့် ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း မြို့ချောင်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
နိုဝင်ဘာလ ၇ ရက်၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၉၇ မိုင် ၂ ဖာလုံအနီး ပဲခူးတိုင်း၊ မြို့ချောင်းမြို့နယ်၌ ဦးဇင်းတစ်ပါးမောင်းနှင်လာသည့် CR-V အမျိုးအစားယာဉ်သည် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသံတိုင်များကို ဝင်တိုက်ကာ တစ်ဖက်လမ်းကြောသို့ ရောက်ရှိပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရောက်သွားတဲ့အချိန် ကားပေါ်ပါလာတဲ့ ဦးဇင်းတစ်ပါးက နောက်စေ့ပေါက်ပြဲ၊ ပါးမှာသွေးတွေထွက်ပြီး ပျံလွန်တော်မူနေပြီ။ ကားပေါ်ပါလာတဲ့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးက ပွန်းပဲ့ဖူးယောင်ဒဏ်ရာလောက်ပဲရတယ်။ မစိုးရိမ်ရဘူး။ ဒဏ်ရာရတဲ့သူတွေကို မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ပေးခဲ့တယ်။” ဟု မြို့ချောင်းမီးသတ်မှ တာဝန် ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ပျံလွန်သွားသည့် ဦးဇင်းသည် သက်တော် ၄၆ နှစ်၊ ဝါတော် ၂၅ ဝါရှိပြီး ဘွဲ့အမည်မှာ ဦးဝိဇယသိဒ္ဓိဖြစ်ကြောင်း၊ ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လက်ဝဲမင်းဒင်လမ်းရှိ ဓမ္မပါလကျောင်း၏ တိုက်ပိုင်ဆရာတော်ဖြစ် ကြောင်း သိရသည်။
ပျံလွန်တော်မူခဲ့သည့် ဦးဇင်း၏ဈာပနကို ဦးဇင်း၏ဇာတိဖြစ်သည့် တောင်ငူခရိုင်၊ အုဌ်တွင်းမြို့နယ်၊ တင်းကုပ်တန်းကျေးရွာ၌ ၅ ရက်တာထားရှိပြီး ၇ ရက်ပြည့်ပါက တာမွေမြို့နယ်ရှိ ဓမ္မပါလကျောင်းတိုက်သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
အမြန်လမ်းပေါ်၌ ယာဉ်တစ်စီးတိမ်းမှောက်၊ ဦးဇင်းတစ်ပါး ပျံလွန်တော်မူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်