အမြန်လမ်းပေါ်၌ ကိုးလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်စီးရေ တစ်သောင်းကျော် အရေးယူခံရ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ကိုးလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်စီးရေ ၁၀,၈၄၀ ကို စောင့်ကြည့်ဖမ်းဆီး အရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

အမြန်လမ်းပေါ်တွင် သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့်အတွက် ဖမ်းဆီးအရေးယူမှု ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကိုးလအတွင်း ၉,၃၄၅ မှုနှင့် ထိုင်ခုံခါးပတ် မပတ်သည့်အတွက် အရေးယူမှု ၁,၄၉၅ မှုရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့လက တောင်ငူကို ဆေးပစ္စည်းတွေသွားပို့ရင်း သတ်မှတ်ထားတဲ့ ကီလိုထက် ပိုမောင်းတယ်ဆိုပြီး ဆွာဂိတ်မှာ အဖမ်းခံရတယ်။ ဆွာမြို့နယ်တရားရုံးမှာ ဒဏ်ငွေ ငါးသောင်း ဆောင်ခဲ့ရတယ်။ နေ့ချင်းပြီးဆောင်ရတယ်။” ဟု ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

အမြန်လမ်းပေါ်တွင် သတ်မှတ်ထားသည့်ယာဉ်ကြောမှ မောင်းနှင်ခြင်းမပြုဘဲ ကျော်တက်ရမည့်ယာဉ်ကြောမှ မောင်းနှင်မှုများကြောင့် သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များတွင် စစ် ဆေးအရေးယူနေပြီး အမြန်လမ်းပေါ်တွင် ယာဉ်အမြန်နှုန်း တိုင်းတာသည့်စက် ၁၁ လုံးရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် အိမ်စီးကားများသည် တစ်နာရီကို ကီလိုမီတာ ၁၀၀၊ ခရီးသည်တင် အဝေးပြေးကားများကို တစ်နာရီ ကီလိုမီတာ ၉၀ နှုန်းနှင့် ကုန်တင်ကား များကို တစ်နာရီ ကီလိုမီတာ ၆၀ နှုန်းဖြင့် မောင်းနှင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး

#ယနေ့ခေတ်

အမြန်လမ်းပေါ်၌ ကိုးလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်စီးရေ တစ်သောင်းကျော် အရေးယူခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.