အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

မန္တလေး၊ စက်တင်ဘာ ၂၈

နိုင်ငံတော်အား ရွှေပိသာချိန် ၁၀၀၀ ကျော် ပေးသွင်းရမည့်အမှုအပါအဝင် အမှု ၃ ခုဖြင့် တရားရင်ဆိုင်နေရသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား ယမန်နေ့က မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းမှ သိရသည်။

ဦးစိုးထွန်းရှိန်ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ-၃ ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်၊ နေ့လည်ပိုင်းက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ယနေ့ခေတ်မီဒီယာသို့ ပြောသည်။

” အမှုတစ်မှုထဲအတွက် ထောင်ချတာလို့ပဲသိရတယ်။ မနေ့က အမိန့်ချတာဟုတ်ပါတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ဦးစိုးထွန်းရှိန်သည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်း ဧကခြောက်ထောင်ကျော်ကျယ်ဝန်းသည့် မိုးထိမိုးမိဒေသ၌ ရွှေလုပ်ကွက်အား ၂၀၁၁ ခုနှစ်မှစတင်၍ လုပ်ကိုင်ခွင့်ရခဲ့ ပြီး နိုင်ငံတော်ကိုသွင်းရမည့် ရွှေကြွေးကျန်များရှိသည်ဟုဆိုသည့် စွပ်စွဲချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် သတ္တုတွင်းဝန်ကြီးဌာနက တရားလိုလုပ်ပြီး တရားစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိုးထွန်းရှိန်သည် တိမ်းရှောင်နေစဉ် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိ မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင် တွင် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ပါဝင်လုပ်ကိုင်မည်ဖြစ်၍ ပြန်လွှတ်ပေးပါရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဦးစိုးထွန်းရှိန်မှ ရမည်းသင်းထောင် တွင် ဖမ်းဆီးထားခြင်းခံရစဉ် ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်က အသနားခံစာတင်ခဲ့ဖူးကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.