ရန်ကုန်၊ စက်တင်ဘာ ၁
ပုဇွန်တောင်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် အမျိုးသမီးတစ်ဦး လုယက်သတ်ဖြတ်ခံရသည့်အမှုအား စစ်ဆေးရာမှ ဒဂုံဆိပ်ကမ်းမှ တက္ကစီယာဥ်မောင်း လုယက်ခံရပြီး အသတ်ခံရသည့် အမှု ပေါ်ပေါက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
သြဂုတ် ၃၀ ရက်၊ နေ့လည်ပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ (၈) ရပ်ကွက်၊ မြောင်းကြီးလမ်းရှိ ၈ လွှာတိုက်ခန်းတစ်ခု၌ တစ်ဦးတည်းရှိနေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးကိုသတ်ကာ ပစ္စည်းများလုယက်သွားခဲ့သည့် ပြစ်မှုကျူးလွန်သူများသည် အမျိုးသားသုံးဦးဖြစ်ကြောင်း သိရသည်။
ထိုအမျိုးသမီးသေဆုံးမှုတွင် လူသတ်ကာ လုယက်ခဲ့သူများက ၎င်းတို့ယူဆောင်သွားသည့် ရွှေထည်များကို သွားရောက်ရောင်းချရာမှ မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးစဥ် လူသတ်၊ လု ယက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်အရ ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ မြသီတာပန်းခြံအနီး၌ တက္ကစီယာဉ်မောင်းတစ်ဦးအား ဓားဖြင့်ထိုးကာ ဖုန်းနှင့်ငွေသားများအား လုယက်ခဲ့ကြကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများထံမှ သိရသည်။
“ အမျိုးသမီးသတ်ခံရတဲ့ အမှုကလည်း သူတို့ရွှေသွားရောင်းရင်းနဲ့ ဆိုင်ကမသင်္ကာလို့ ဖမ်းပြီးစစ်တာကနေ လူသတ်ခဲ့တာ သိတာလေ။ သတ်ခဲ့တဲ့လူတွေကို နေ့လည် ၂ နာရီကျော်မှာ ဖမ်းမိတယ်။ သေတဲ့အမျိုးသမီးကို ၄ နာရီကျော်လောက်မှာ ဆေးရုံပို့ခဲ့တယ်။ ဆရာဝန်တွေရဲ့ စစ်ချက်ကတော့ သေတဲ့သူက ၁၁ နာရီ ၁၂ နာရီဝန်းကျင်လောက်ထဲက သေတာလို့ ပြောတယ်။” ဟု သေဆုံးသူအမျိုးသမီး၏ မိတ်ဆွေတစ်ဦးက ပြောသည်။
အဆိုပါဖမ်းဆီးခံရသူ သုံးဦးသည် အနှေးယာဥ်လုပ်သားများဖြစ်ပြီး သေဆုံးသူအမျိုးသမီး ပုံမှန်စီးနင်းနေသည့် အနှေးယာဥ်လုပ်သားများဖြစ်ကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – စီဂျေ
အမျိုးသမီးတစ်ဦးအား လုယက်သတ်ဖြတ်ခဲ့သူများသည် တက္ကစီယာဥ်မောင်းကို သတ်ခဲ့ သည့်သူများဖြစ်ကြောင်း ပေါ်ပေါက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်