အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူခြင်းမရှိသေးဟု နစကထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

အမျိုးသမီးစစ်မှုထမ်းစာရင်းနှင့်ပတ်သက်၍ လတ်တလောတွင် စာရင်းကောက်ယူခြင်းမရှိသေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်အရ မြို့နယ်တချို့တွင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အသက်အရွယ်အကျုံးဝင်သည့် အမျိုးသမီးများကို စာရင်းကောက်ခံမှုများပြုလုပ်နေသည်ဆိုသော ကောလာဟလသတင်းများကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်နေကြရကြောင်း လူမှုကွန်ရက်ပေါ်တွင် သတင်းများရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အမျိုးသမီးစစ်မှုထမ်းများအား လတ်တလောခေါ်ယူ စစ်မှုထမ်းဆောင်ရန်မရှိသေးကြောင်း ယခင်က တရားဝင်ထုတ်ပြန်ပြောကြားထားပြီးဖြစ်ကြောင်း၊ လက်ရှိကောလာဟလသတင်းများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ အမျိုးသမီးများစစ်မှုထမ်းဆောင်ရန် စာရင်းကောက် ခံခြင်းများမရှိကြောင်း နစက သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

သို့သော် မြို့နယ်အချို့တွင် အမျိုးသမီးစစ်မှုထမ်းစာရင်းများကို ကောက်ယူနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ အုပ်ချုပ်ရေးမှူးကတော့ စာရင်းပါတယ်လို့ပြောတယ်။ ကိုယ်က နိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့တော့ရှိတယ်။ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာ။ စာရင်းပါရင် ပြည်ပထွက်လို့မရဘူးပြောနေလို့။” ဟု တောင်ဒဂုံ‌ရှိ စစ်မှုထမ်းစာရင်းတွင်ပါသူတစ်ဦးက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသူ၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ်မပြည့်သေးသူ၊ ကျွမ်းကျင်သူအမျိုး သမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသူကို ဆိုလိုကြောင်း ယခင်ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေတွင် ဖော်ပြထားသည်။

အဆိုပါနည်းဥပဒေတွင် ပုဒ်မ – ၅၉ ခုပါဝင်ပြီး ပုဒ်မ – ၅၁ တွင် အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေသို့ ထွက်ခွာခွင့်မရှိစေရဟု ဖော်ပြထားသလို၊ ပုဒ်မ – ၅၀ တွင်လည်း ဆေးစစ်အောင်မြင်ပြီးသူများသည် စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုရန်၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးရန်၊ ရွှေ့ဆိုင်းပေးရန် လျှောက်ထားချိန် ဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေသို့ ထွက်ခွာခွင့်မရှိစေရဟူ၍ ပြဋ္ဌာန်းထားသည်။

#စုစု

ဓာတ်ပုံ – MOI

#ယနေ့ခေတ်

အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူခြင်းမရှိသေးဟု နစကထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.