အမျိုးသမီးစစ်မှုထမ်းခေါ်ယူရန် မရှိသေးသော်လည်း စာရင်းများကောက်ယူနေ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အမျိုးသမီးများစစ်မှုထမ်းရန် အမှတ်စဉ်(၁)အတွက် ခေါ်ယူရန်မရှိသေးသော်လည်း စာရင်းများကောက်ယူနေကြောင်း ရန်ကုန်မြို့မှ ရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထွက်ရှိလာပြီးနောက် အမျိုးသမီးများစစ်မှုထမ်းရန် အမှတ်စဉ်(၁)အတွက် စာရင်းကောက်ယူနေသော်လည်း နစက သတင်ထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အမျိုးသမီးစစ်မှုထမ်းအတွက် ခေါ်ယူရန်အစီအစဉ်မရှိသေးကြောင်း ငြင်းဆိုထားသည်။

“ ဒီနေ့လည်က စာရင်းကလာကောက်သွားတယ် ။ သူတို့က ခေါ်ဖို့ပဲမရှိသေးတာ စာရင်းမကောက်ဖို့ မပြောထားဘူးတဲ့။ အပေါ်ကကောက်ခိုင်းလို့ လာကောက်တာတဲ့။ အသက်ကျော်နေပြီလို့ပြောတာကို ပညာရှင်အနေနဲ့ကောက်တာဆိုပြီးပြောတယ်။” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထွက်လာပြီးနောက်ပိုင်း အမျိုးသမီးစစ်မှုထမ်းအမှတ်စဉ်(၁)အတွက် လူစာရင်းများကောက်ယူနေရာ လူထုအကြားစိုးရိမ်စိတ်ဖြင့် ဝေဖန်မှုမြင့်တက်ခဲ့သည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေတွင် အမျိုးသမီးများစစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီးပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန်မရှိသေးကြောင်း ဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ထပ်မံထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ အသက် ၁၈ မှ ၂၇ နှစ်ရှိ သာမန်အရပ်သားအမျိုးသမီးများနှင့် အတတ်ပညာရှင်များ အမျိုးသမီးဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အထိ စစ်မှုထမ်းရမည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအရ အိမ်ထောင်ရှိသူနှင့် အိမ်ထောင်ကွဲသော်လည်း က လေးရှိသည့်အမျိုးသမီးများ စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ပေးထားသည်။

#စုစု

ဓာတ်ပုံ – MOI

#ယနေ့ခေတ်

အမျိုးသမီးစစ်မှုထမ်းခေါ်ယူရန် မရှိသေးသော်လည်း စာရင်းများကောက်ယူနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.