ဒါကာ၊ ဩဂုတ် ၁၇
ဘင်္ဂလားဒေရှ့်နိုင်ပိုင်ဘဏ် Sonali Bank သည် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုချမှတ်ခံထားရသော မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို လက်ရှိအချိန်တွင် ယာယီပိတ်သိမ်းလိုက် ကြောင်း Sonali Bank ဘဏ်အကြီးအကဲဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည် မြန်မာအစိုးရပိုင်ဘဏ်များဖြစ်သော နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာရင်းနှီးမြှုပ်နှံ့မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB များအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်ရန် ဘင်္ဂလားဒေရှ့်အစိုးရထံ စာပေးပို့ခဲ့ကြောင်း၊ မြန်မာဘဏ်နှစ်ခုနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် Sonali Bank အကောင့်များကို ပိတ်သိမ်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
Sonali Bank ဘဏ်၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့် Afzal Karim က MFTB ဘဏ်နှင့် ၊ MICB ဘဏ်တို့၏အကောင့်များကို ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြော ဆိုခဲ့သော်လည်း အသေးစိတ်အခြေနေများကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။
၎င်းက “ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့် မြန်မာဘဏ်နှစ်ခုရဲ့ အကောင့်တွေကို ပိတ်သိမ်းလိုက်တယ်။ မြန်မာဘဏ်နှစ်ခုဟာ ကျွန်တော်တို့ဘဏ်မှာ အပ်နှံထားတဲ့ ငွေကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကျော်ရှိနေပါ တယ်။ ဒီငွေကြေးတွေကို လွှဲပြောင်းလို့မရနိုင်ပါဘူး။ ဒါအပြင် မြန်မာဘဏ်နှစ်ခုမှာရှိနေတဲ့ ကျွန်တော်တို့ဘဏ်ရဲ့ ငွေကြေးတွေ လည်း လွှဲပြောင်းထုတ်ယူလို့ မရနိုင်တော့ဘူး။ နစကဟာ ငွေကြေးလွှဲပြောင်းထုတ်ယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဘဏ်အကောင့်တွေ ပြန်ဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေ ဖြေလျော့ချိန်အထိ မြန်မာဘဏ်နှစ်ခုရဲ့ အကောင့်တွေကို ဖွင့်လို့ရမှာမဟုတ်ဘူး၊” ဟုပြောသည်။
Sonali Bank သည် ပိတ်ဆို့မှုချမှတ်ခံထားရသော မြန်မာဘဏ်နှစ်ခုတွင် အပ်နှံငွေများ ရှိနေဆဲဖြစ်ပြီး ယင်းငွေများကိုလည်း ပြန်လည်ထုတ်ယူရန် လက်ရှိအချိန်တွင် မဖြစ်နိုင် ကြောင်း ၎င်းကပြောသည်။
Sonali Bank ဘဏ်၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့် Afzal Karim က “ မြန်မာဘဏ်နှစ်ခုမှာ ကျွန်တော်တို့အပ်နှံထားတဲ့ငွေကြေးက အများကြီးမရှိပါဘူး။ ဘဏ်နှစ်ခုအနက် ဘဏ်တစ်ခုမှာ ယူရို ၁၇,၀၀၀ ကျော်နဲ့ အခြားဘဏ်တစ်ခုမှာ အမေရိကန်ဒေါ်လာ ၂ သိန်းသာရှိပါတယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုချမှတ်ခံရသော မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်သိမ်းလိုက်ကြောင်း ဘင်္ဂလားနိုင်ငံပိုင်ဘဏ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်