ဝါရှင်တန်၊ ဩဂုတ် ၂၅
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် သြဂုတ် ၂၄ ရက်နေ့တွင် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့၊ ဖူတွန်ကောင်တီရှိ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရမည့် စာ ရင်းတွင် ပါဝင်ခဲ့သော်လည်း အာမခံဖြင့် ချက်ချင်းပြန်လည်လွတ်မြောက်လာခဲ့ကြောင်း အမေရိကန်အခြေစိုက် မီဒီယာများက ဖော်ပြသည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတသမိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ပထမဆုံးသောသမ္မတဖြစ်လာခဲ့ကြောင်း သိရသည်။
လာမည့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလီပါတီ ကိုယ်စားပြုပြီး သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် အလားလာများနေသည့် ဒေါ်နယ်ထရမ့် သည် ၂၀၂၀ ခုနှစ်ကကျင်းပခဲသော ရွေးကောက်ပွဲအတွင်း ဂျော်ဂျီယာပြည်နယ်တွင် ကြားဝင်စွတ်ဖက်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရဖွယ်ရှိနေ သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ဒေါ်နယ်ထရမ့်သည့် ဖမ်းဆီးထိန်းသိမ်းခံရမည်ဖြစ်သော်လည်း အာမခံငွေကြေး ဒေါ်လာ ၂၀၀,၀၀၀ နှင့် ပြိုင်ဘက်များကို ဝေဖန်တိုက်ခိုက်ရန်အတွက် လူမူကွန်ရက်ကို အသုံးမပြုရ ဆိုသည့် သဘောတူညီချက်များကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် မီဒီယာများက ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်သည် ဂျော်ဂျီယာပြည်နယ်အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ပြီး အရှုပ်ထွေးဖြစ်အောင် လုပ်ဆောင်မှုအပြင် ရာဇဝတ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များကို ရင်ဆိုင်ရနေသူဖြစ်ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်အပြင် ၂၀၂၀ ခုနှစ်က ဂျော်ဂျီယာပြည်နယ်တွင် တာဝန်ယူခဲ့သော အစိုးရတာဝန်ရှိသူအချို့လည်း ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းမှုဖြင့် စွဲချက်တင်ခံ ထားရကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အမှားအယွင်းတစ်စုံတရာ မလုပ်ဆောင်ထားကြောင်း၊ ၎င်းအပေါ် စွဲချက်တင်မှုများက လာမည့် ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိအောင် တားဆီးမှုများဖြစ်ကြောင်း ပြောသည်။
ဒေါ်နယ်ထရမ့်သည် လာမည့်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဆိုပါက အနိုင်ရရန် အလားလာများနေကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်သော အာဏာရ ဒီမိုကရက်တစ်ပါတီအစိုးရ၏ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး လုပ်ဆောင်ချက်များကို ပြည်သူများစိတ်ပျက်နေကြောင်း စစ်တမ်းများလည်း ထွက်ပေါ်နေသည်။
ကောင်းထက်ငွေ
အမေရိကန်သမ္မတသမိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံရသော ပထမဆုံးသမ္မတဖြစ်လာသည့် ဒေါ်နယ်ထရမ့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်