ကိဗ်၊ ဧပြီ ၂၀
အမေရိကန်အောက်လွှတ်တော်က ယူကရိန်းကိုကူညီပေးမည့် စစ်ရေးအကူညီများကို ခွင့်ပြုပေးရန် ငြင်းဆန်မည်ဆိုလျှင် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွက် ယူကရိန်းမှာ ဒုတိယအစီအစဉ်မရှိကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်အစိုးရသည် ရုရှားနှင့်စစ်ဖြစ်နေသည့် ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလျံ ၆၀ကျော် ထပ်မံကူညီပေးရန် စီစဉ်ခဲ့သော်လည်း အောက်လွှတ်တော်၏ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဌက ယူကရိန်းကိုအကူညီပေးမည့် ဥပဒေမူကြမ်းကို အောက်လွှတ်တော်အတွင်း မကြာမီမဲခွဲဆုံးဖြတ်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက “ ယူကရိန်းကိုအကူညီပေးမယ့် ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး တိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ရတယ်။ အကူညီတွေရယူနိုင်ဖို့နဲ့ ခွင့်ပြုငွေရရှိစေဖို့ ဆက်လက်ကြိုးပမ်းရမယ်။ စောင့်ဆိုင်းခဲ့ရတဲ့ အကျိုးရလဒ်တွေ ပြန်လည်ရရှိစေလိုတယ်။ ယူကရိန်းဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ဒုတိယအစီအစဉ်မရှိဘူး၊ အမြဲတမ်း ပထမအစီအစဉ်သာရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ကျွန်တော်တို့ကိုအားပေးထောက်ခံခဲ့တယ်။ ယူကရိန်းရဲ့အဓိကဦးစားပေးအစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင်ကူညီပေးဖို့ပြောခဲ့တယ်။ ကျွန်တော်တို့ဟာ အဓိကဦးစားပေးအစီအစဉ်သာ ရှိနေတဲ့အတွက် အမေရိကန်လွှတ်တော်က အကူညီပေးမယ့်မူကြမ်းကို ခွင့်ပြုပေးဖို့သာလိုလားတယ်။” ဟု ပြောသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးကိုယ်တိုင်က အမေရိကန်၏အကူညီများ ထပ်မံမရပါက ယူကရိန်းသည် စစ်ရှုံးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
ယူကရိန်းသမ္မတက ရုရှားတပ်ဖွဲ့များသည် လက်ရှိအချိန်တွင် စစ်ရေးအရအရေးသာနေပြီး ရှေ့သို့ပိုမိုချီတက်တိုက်ခိုက်နိုင်နေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထပ်မံပြောဆိုခဲ့သည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲက အချိန်နှစ်နှစ်ကျော်ကြာမြင့်နေပြီး၊ ရုရှားက ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားကြောင်း သိရသည်။
ယူကရိန်းသည် အမေရိကန်အစိုးရထံမှ အကူညီများထပ်မံမရပါက အနာဂတ်တွင် စစ်ပွဲကိုအရှုံးဖြင့်သာရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
newsweek.com
အမေရိကန်လွှတ်တော်၏ခွင့်ပြုချက်မရပါက ယူကရိန်းတွင် ဒုတိယအစီအစဉ်မရှိဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်