ဂါဇာ၊ အောက်တိုဘာ ၂၁
ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် အမေရိကန်နိုင်ငံသား သားသမိနှစ်ဦးကို အောက်တိုဘာ ၂၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်သည် အောက်တိုဘာ ၇ ရက်နေ့ က အစ္စရေးနိုင်ငံအပေါ် ကြိုတင်သတိပေးချက်မရှိပဲ လျှပ်တပြက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်းရာချီကို ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသား သားအမိနှစ်ဦးဖြစ်သော Judith နှင့် Natalie Raanan တို့သည် ချီကာဂိုမြို့မှ အစ္စရေးနိုင်ငံသို့ သွားရောက်ချိန်အတွင်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရကာ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုအမေရိကန် အမျိုးသမီးနှစ်ဦးကို ဟားမက်စ်အဖွဲ့က Kibbutz Nahal Oz မြို့နားတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ချိန်အတွင်း လူပေါင်း ၂၀၃ ဦးကို ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
ဟားမက်စ်အဖွဲ့သည် အဆိုပါ အမေရိကန်အမျိုးသမီးနှစ်ဦးကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ အစ္စရေးအာဏာပိုင်များထံ ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမေရိကန် အမျိုးသမီးနှစ်ဦးကို ဘာကြောင့်ပြန်လွှတ်ပေးလိုက်သည်ဆိုသည်ကို အတိအကျမသိသေးကြောင်း သိရသည်။
ဟားမက်စ်အဖွဲ့က အဆိုပါ အမေရိကန် အမျိုးသမီးနှစ်ဦးကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးမှုအဖြစ် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
အစ္စရေးဝန်ကြီးချုပ်ရုံးက ၎င်းတို့သည် ပြန်ပေးဆွဲခံရထားသူများ ပြန်လည်လွတ်မြောက်ရေးအတွက် Gal Hirsch ဆိုသူကို စေ့စပ်ညှိနှိုင်းရေး အရာရှိအဖြစ်ခန့် အပ်ထားကြောင်း ပြောသည်။
အစ္စရေးသည် လက်ရှိအချိန်တွင် ဟားမက်စ်အဖွဲ့ ထိန်းချုပ်ထားသော ဂါဇာဒေသကို လေကြောင်းမှ ဗုံးတန်ချိန်ထောင်ချီကြဲကာ တိုက်ခိုက်နေသလို မြေပြင်ထိုးစစ်ဆင်နွဲရန် စီစဉ်နေကြောင်း သိရသည်။
အစ္စရေစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဟာဂါရီက ပြန်ပေးဆွဲခံရသူများ အမြန်ဆုံးပြန်လည်လွှတ်မြောက်ရန် ကြိုးပမ်းနေကြောင်း၊ သို့သော်လည်း စစ်ပွဲနှင့်ပတ်သက်ပြီး နောက်ထပ်အဆင့်တွေကိုလည်း ပြင်ဆင်နေပြီး စစ်ပွဲက နောက်ထပ်သီတင်းပတ်အတန်ကြာ အချိန်ကြာဖွယ်ရှိနေကြောင်း ပြောဆိုထားသည်။
ကာတာနိုင်ငံသည် ပြန်ပေးဆွဲခံထားရသောသူများ ပြန်လွှတ်ပေးရန် ဟားမက်စ် လက်နက်ကိုင်အဖွဲ့နှင့် စေ့စပ်ဆွေးနွေးမှုများကို ဦးဆောင်နေပြီး အမေရိကန်ကလည်း လိုအပ်သည် များ ကူညီပေးနေကြောင်း သိရသည်။
ကောင်းထက်ငွေ
အမေရိကန်နှစ်ဦးကို ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ပထမဆုံးအကြိမ် ပြန်လွှတ်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်