ဆိုးလ်၊ အောက်တိုဘာ ၃၀
မြောက်ကိုရီးယားနိုင်ငံနှင့် တင်းမာမှုများရှိနေချိန်တွင် တောင်ကိုရီးယားနှင့် အမေရိကန်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၃၀ ရက်နေ့တွင် ကြီးမားသော လေကြောင်းပူးတွဲစစ်ရေး လေ့ကျင့်ခန်းတစ်ခုကို စတင်လိုက်ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို Vigilant Defense ဟု အမည်ပေးထားပြီး နှစ်နိုင်ငံစလုံးမှ တိုက်လေယာဉ်အစင်းပေါင်း ၁၃၀ ကျော်ပါဝင် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
တောင်ကိုရီးယား လေတပ်တပ်ဖွဲ့က အက်ဖ် ၃၅ အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်များ ပါဝင်ခဲ့ပြီး လာမည့်နိုဝင်ဘာ ၃ ရက်နေ့အထိ ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအတွင်း နှစ်နိုင်ငံလေတပ် တပ်ဖွဲ့များသည် ဝေဟင်မှ မြေပြင်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ပွဲများ၊ အရေးပေါ် လေ့ကျင့်ခန်းများ ကို အဓိကထား လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားစစ်ဘက်က “ ကျွန်တော်တို့ဟာ ရန်သူရဲ့ရန်စမှုတွေကို ပြင်းထန်တဲ့အပြစ်ပေးမှုတွေ၊ တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့ အကောင်းဆုံး တုံ့ပြန်သွားမှာပါ၊။” ဟု ပြောသည်။
မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာခဲ့ပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ပိုမို အရှိန်မြင့်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားအစိုးရက အဆိုပါ စစ်ရေးလေ့ကျင့်ခန်းများကို ဝေဖန်ပြစ်တင်ထားပြီး ကျူးကျော်မှုများလုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က မြောက်ကိုရီးယားသည် ရုရှားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမှုအဖြစ် စစ်ရေးနည်းပညာများ ပိုမိုရရှိရန် ကြိုး ပမ်းနေကြောင်း တုံ့ပြန်ဝေဖန်ထားသည်။
ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးသည် ပြီးခဲ့သောနှစ်များအတွင်း အေးစက်ဆိုးရွားမှုများ ပိုမိုမြင့်တက်လာ နေကြောင်း သိရသည်။
#ကောင်းထက်ငွေ
အမေရိကန်နှင့် တောင်ကိုရီးယားတို့ တိုက်လေယာဉ်ပေါင်း ၁၃၀ ပါဝင်သည့် ကြီးမားသော စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်