အမေရိကန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရုတ်သိမ်းကြောင်း နိုင်ဂျာစစ်အစိုးရ ဆို

နီအာမေ၊ မတ် ၁၈

နိုင်ဂျာစစ်အစိုးရက အမေရိကန်နိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

နိုင်ဂျာအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုင်ဂျာမြေပေါ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ လူပုဂ္ဂိုလ်များနှင့် စစ်သားများကို နေထိုင်ခွင့်ပြုမည်ဆိုသောအချက်ကိုပြန်လည်ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများသည် ပြီးခဲ့သောရက်ပိုင်းအတွင်း နိုင်ဂျာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် နိုင်ဂျာစစ်အစိုးရက ယင်းကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ဂျာစစ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Abdramane က အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် သံတမန်ရေးနည်းလမ်းကို လိုက်နာခြင်းမရှိကြောင်း၊ နိုင်ဂျာအစိုးရကို အသိပေးခဲ့ခြင်းမျိုးလည်းမရှိခဲ့ကြောင်း ပြောသည်။

နိုင်ဂျာနိုင်ငံတွင် ပြီးခဲ့သောနှစ် ဇူလိုင်လတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ပြင်သစ်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တပ်ဖွဲ့များကို နိုင်ငံအတွင်းမှ မောင်းထုတ်ခဲ့ကြောင်း သိရ သည်။

နိုင်ဂျာစစ်တပ်သည် ပြင်သစ်အစိုးရနှင့်နီးစပ်သော နိုင်ဂျာအရပ်သားအစိုးရကို ရာထူးမှဖြုတ်ချခဲ့ပြီးနောက် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးချဲ့လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

နိုင်ဂျာနိုင်ငံတွင် ပြီးခဲ့သောနှစ်အထိ အမေရိကန်တပ်ဖွဲ့ဝင် ၁,၁၀၀ ကျော်ရှိနေခဲ့ပြီး၊ နိုင်ဂျာစစ်အစိုးရက အမေရိကန်တပ်ဖွဲ့များကို နိုင်ငံအတွင်းမှ ထွက်ခွာရန်တောင်းဆိုနေကြောင်း သိရသည်။

နိုင်ဂျာစစ်အစိုးရက ၎င်းတို့နိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်ရှိနေခြင်းက တရားမဝင်ကြောင်း နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းမျိုးဖြစ်ကြောင်း ပြော ဆိုထားသည်။

အမေရိကန်စစ်တပ်သည် စစ်သွေးကြွအုပ်စုများကို တိုက်ခိုက်ရန်အတွက် အကူညီပေးရမည်ဆိုသော တောင်းဆိုချက်များကို တုံ့ပြန်ခြင်းမျိုးမရှိသလို စည်းကမ်းများကို လိုက်နာမှုမရှိကြောင်း နိုင်ဂျာစစ်အစိုးရက ဝေဖန်ထားသည်။

ကောင်းထက်ငွေ

reuters.com

အမေရိကန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရုတ်သိမ်းကြောင်း နိုင်ဂျာစစ်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.