အမေရိကန်နှင့်ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အတွင်း ဓါတ်ငွေ့ထုတ်ယူတော့မည်ဟုဖိလစ်ပိုင်အစိုးရ ဆို

မနီလာ၊ မတ် ၁၂

အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်းတွင် အမေရိကန်အပါအဝင် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်းပြီး ဓါတ်ငွေ့ထုတ်ယူမှုများ စတင်လုပ်ဆောင်ရန် စီစဉ်နေကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သောနှစ်က တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်သင်္ဘောများနှင့် အငြင်းပွားမှုများကြောင့် တင်းမာမှုများဖြစ်လာခဲ့ပြီးနောက် ဓါတ်ငွေ့အရင်းမြစ်များ ထုတ်ယူရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်ပူးပေါင်းပြီး စီးပွားရေးအကျိုးအမြတ်များရယူနိုင်ရန် ပိုမိုကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။

ဖိလစ်ပိုင်သံအမတ်ကြီးက “ တောင်တရုတ်ပင်လယ်အတွင်း ဓါတ်ငွေ့ထုတ်ယူမှုတွေစတင်ဖို့ အချိန်ကျရောက်လာချိန်မှာ ကျွန်တော်တို့ဟာ ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတာ တွေ့မြင်ရမှာပါ၊ ကျွန်တော်တို့ဟာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။” ဟု ပြောသည်။

ဖိလစ်ပိုင်သံအမတ်ကြီးက တောင်တရုတ်ပင်လယ်အတွင်း ဓါတ်ငွေနှင့် အရင်းမြစ်ထုတ်ယူမှုများအတွက် အမေရိကန်ကုမ္မဏီများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံကဲ့သို့ အခြားနိုင်ငံများနှင့်လည်း ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ၏လုပ်ရပ်များကို မကြာခဏသတိပေးခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သော ၂၀၁၆ ခုနှစ်က နိုင်ငံတကာခုံရုံးတွင် အငြင်းပွားမှုများကို ဖြေရှင်းခဲ့ရပြီး ခုံရုံးက ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း တရုတ်အစိုးရက ခုံရုံးဆုံးဖြတ်ချက်ကို ငြင်းဆန်ပယ်ချခဲ့ပြီး၊ တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေအများစုက ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ပြောဆိုနေဆဲဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံက ဓါတ်ငွေ့ထုတ်ယူမည့် အစီအစဉ်နှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က တစ်စုံတရာတုံ့ပြန်ခြင်းမရှိကြောင်း သိရသည်။

ကောင်းထက်ငွေ

bangkokpost.com

အမေရိကန်နှင့်ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အတွင်း ဓါတ်ငွေ့ထုတ်ယူတော့မည်ဟုဖိလစ်ပိုင်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.