ဝါရှင်တန်၊ နိုဝင်ဘာ ၂၉
အမေရိကန်အစိုးရသည် အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ကြားဝင်ကြိုးပမ်းခဲ့သော်လည်း အခြားတစ်ဖက်တွင် အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၇၀၀ နီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးရန်စီစဉ်နေကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမေရိကန်အစိုးရက အစ္စရေးနိုင်ငံကိုရောင်းချပေးမည့် စစ်လက်နက်များထဲတွင် အသေးစားဗုံးများ၊ (JDAMs) အမျိုးအစားဗုံးများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး နောက်တစ်ရက်အကြာတွင် အဆိုပါသတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။
အမေရိကန်သမ္မတက အစ္စရေးနှင့် ဟစ်ဘိုလာအဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်သလို အစ္စရေးနှင့် ဟားမက်စ်ကြားတွင်လည်း အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်သည် ပြီးခဲ့သောသြဂုတ်လတွင် အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၀ ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခဲ့ပြီးနောက် ထပ်မံရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်ပိုစ့်သတင်းစာက အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းများ အဓိကပံပိုးကူညီပေးနေသည့် နိုင်ငံများတွင် အမေရိကန်နိုင်ငံက ထိပ်ဆုံးတွင်ရှိနေကြောင်း ဖော်ပြခဲ့သည်။
ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်သည် အစ္စရေးနိုငံကို ဖျက်အားပြင်းပေါင် ၂၀၀၀ ဗုံးများအပြင် Hellfire ဒုံးကျည်အရေအတွက် ထောင်နှင့်ချီပြီးရောင်းချခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ထပ်မံရောင်းချပေးမည့်အစီအစဉ်ကို လွှတ်တော်ကစစ်ဆေးဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်ကြားဖြစ်ပွားနေသော ဂါဇာစစ်ပွဲကြောင့် လူပေါင်းလေးသောင်းကျော် သေဆုံးထားပြီး နေရပ်စွန့်ခွာနေရသူ နှစ်သန်းကျော်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အမေရိကန်က အစ္စရေးကို အမေရိကန်ဒေါ်လာသန်း ၇၀၀ နီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်