ဝါရှင်တန်၊ အောက်တိုဘာ ၁၅
အစ္စရေးနိုင်ငံအပေါ် ရန်လိုမှုများကို ဟန့်တားနိုင်ရန်အတွက် အစ္စရေးနိုင်ငံနှင့် အနီးဆုံးနေရာဖြစ်သော မြေထဲပင်လယ်ဒေသကို လေယာဉ်တင်သင်္ဘောတစ်စီး ထပ်မံစေလွှတ်ခဲ့ ကြောင်း အမေရိကန်အစိုးရက ဆိုသည်။
ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမက်စ်သည် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးကို ကြိုတင်သတိပေးချက်မရှိဘဲ စတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်စစ်ပွဲစတင်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံများက အစ္စရေးအပေါ် ရန်လိုမှုများရှိနေကြောင်း သိရသည်။
အမေရိကန်သည် အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် မြေထဲပင်လယ်ဒေသသို့ လေယာဉ်တင်သင်္ဘောတစ်စီးကို ပထမဆုံး စေလွှတ်ခဲ့ပြီး နောက် ရက်ပိုင်းအကြာတွင် USS Eisenhower အမည်ရှိ လေယာဉ်တင်သင်္ဘောအုပ်စုကို ထပ်မံစေလွှတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က “ အစ္စရေးနိုင်ငံလုံခြုံရေးနဲ့ စစ်ပွဲအရှိန်မြင့်တက်လာအောင် အခြားနိုင်ငံက ဖန်တီးမှုတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြေ ထဲပင်လယ် အရှေ့ဘက်ပိုင်းကို စစ်သင်္ဘောတစ်စီး ထပ်မံစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံအပေါ် ရန်လိုမှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စေလွှတ်ထားတဲ့ USS Ford လေယာဉ်တင် စစ်သင်္ဘောနဲ့အတူ USS Eisenhower လေယာဉ်တင် စစ်သင်္ဘောတို့ ပူးပေါင်းမှာဖြစ်ပါတယ်။” ဟု ပြောသည်။
အစ္စရေးသည် ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲရန် စီစဉ်နေချိန်တွင် အမေရိကန်အစိုးရက လေယာဉ်တင်သင်္ဘောတစ်စီး ထပ်မံစေလွှတ်ပြီး ထောက်ခံကြောင်း ပြခဲ့ခြင်းဖြစ်သည်။
အစ္စရေးသည် ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွဲရန် စီစဉ်ထားရာ ဂါဇာဒေသရှိ လူပေါင်း ၁ သန်းကျော်ကို ၂၄ နာရီအတွင်း ဘေးလွှတ်ရာသို့ အမြန်ဆုံးရွှေ့ပြောင်းရန် တောင်းဆို ထားသော်လည်း အစ္စရေး၏တောင်းဆိုချက်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ဝေဖန်ပြစ်တင်ထားသည်။
ထိုအပြင် ဂါဇာဒေသခံများကလည်း နေရပ်စွန့်ခွာထွက်ပြေးရမည်ကို လိုလားခြင်းမရှိသလို ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ကလည်း ဒေသခံများကို မပြောင်းရွှေ့ရန် တောင်းဆို ထားသည်။
ကောင်းထက်ငွေ
အမေရိကန်က အစ္စရေးကို ထောက်ခံကြောင်းပြသမှုအဖြစ် လေယာဉ်တင်သင်္ဘောတစ်စီး ထပ်မံစေလွှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်